ညောင်တုန်း ၂၇ ဇန်နဝါရီ
ဆောက်လုပ်မှုစံနှင့် မညီညွှတ်ခြင်းများကြောင့် ရပ်နားထားသော ညောင်တုန်းပြည်သူ့ဆေးရုံ (၃)ထပ်ဆောင် ပြန်လည်ဆောက်လုပ်ရေး ရှင်းလင်းပွဲကို ဇန်နဝါရီ ၂၆ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်နီနီမိုးနှင့် ဦးကျော်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးလှိုင်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တော်ဝင်အောင်မြေ ကုမ္မဏီမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၂၀ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်တို့က ဆေးရုံ(၃)ထပ်ဆောင် ဆောက်လုပ်ရာတွင် ကြုံတွေ့ခဲ့ရသည့် တည်ဆောက်ဆိုင်ရာ အဆောက်အအုံ ကိစ္စများနှင့် ပတ်သက်၍ အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ အင်ဂျင်နီယာ ဦးလင်းမြင့်နှင့် ဒေါ်တင်ဇာမြင့်တို့က ဆေးရုံ (၃)ထပ်ဆောင် ဆောက်လုပ်ရာတွင် ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်၊ အားနည်းချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့သည်။
အခမ်းအနားတွင် တော်ဝင်အောင်မြေကုမ္ပဏီမှ အင်ဂျင်နီယာ ဦးကိုလတ်နှင့် တာဝန်ရှိသူများက လက်ရှိ(၃)ထပ် ဆေးရုံဆောက်လုပ်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ကုမ္ပဏီ၏ အားနည်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများမှ လက်ရှိဆောက်လုပ်မည့် ဆေးရုံ (၃)ထပ်ဆောင်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ စံချိန်စံညွှန်း ညီညွှတ်ရေး၊ အသစ်တည်ဆောက်နိုင်ရေး၊ ပြန်လည်ပြုပြင်ရေး သိလိုသည်များ မေးမြန်းရာ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးတို့က ပြည်သူများ၏ လိုလားချက်၊ ဆွေးနွေးအကြံပေးချက်များကို တိုင်း/ခရိုင်/ မြို့နယ် ဆောက်လုပ်ကြီးကြပ်ရေးကော်မတီ၏ စိစစ်တင်ပြမှုများနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းကျော်(ညောင်တုန်း)