ညောင်တုန်း ၂ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် HIV ပိုးကြောင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ရောဂါကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ညောင်တုန်းမြို့ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလှိုင်ဦးက HIV ပိုး ကူးစက်ခံနေရသော ဝေဒနာရှင်များအတွက် ကျန်းမာစွာနေထိုင်နိုင်စေရန် နည်းလမ်းများအကြောင်း၊ မိခင်မှကလေးသို့ ကူးစက်မှုနှုန်း လျှော့ချရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များကို ခုခံအားကျကာလသားရောဂါနှင့် ပတ်သက်၍ စစ်ဆေးပေးခြင်း၊ တွေ့ရှိပါက ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ခင်ပွန်းများကိုလည်း ရောဂါရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ ကျေးရွာများသို့လည်း (၃)လတစ်ကြိမ် ကွင်းဆင်း၍ HIV/ AIDS အကြောင်း ဆွေးနွေး ဟောပြောပွဲများပြုလုပ်ခြင်းနှင့် ရောဂါစစ်ဆေးတွေ့ရှိပါကလည်း လိုအပ်သလို ကုသပေးခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသော ဒေါက်တာလွမ်းဝေက အိပ်ချ်အိုင်ဗွီပိုးကူးစပ်ခံနေရာသော ဝေဒနာရှင်များအား မိမိအနေဖြင့် ပြင်ပတွင် ဆေးခန်းဖွင့်လှစ်ပြီး ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး နေကြောင်းနှင့် လိုအပ်လာပါက ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်မည့်နည်းလမ်းများအကြောင်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးလှိုင်ဦးကပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝဠာနိုင်(ညောင်တုန်း)


