ညောင်တုန်း ၃ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (ကိုဗစ်-၁၉) ကြိုတင်ကာကွယ်ရေးအတွက် လှည့်လည်ကြေညာခြင်းနှင့် ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက မဲဇလီဒလကျေးရွာမှ စတင်၍ မဲဇလီအောက်စုကျေးရွာ၊ ညောင်စောက်ကျေးရွာ၊ အရွဲကျေးရွာနှင့် ရန်ကုန်- ညောင်တုန်း ကားလမ်းမတစ်လျှောက်တို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါ လှည့်လည်ကြေညာရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရန် အချက်များနှင့် မိမိရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်ပနိုင်ငံများမှ ပြန်ရောက်လာသူများနှင့် မိမိတို့၏ နိုင်ငံအတွင်း ကူးစက်ရောဂါဖြစ်ပွားသောဒေသနှင့် အခြားဒေသများမှ ပြန်ရောက် လာသူများအားလုံးသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ အကြောင်းကြားပြီး သက်ဆိုင်ရာ ပြည်တွင်းစောင့်ကြည့်ရေး စုရပ်ဖြစ်သည့် ရပ်ကွက်/ကျေးရွာအလိုက် စောင့်ကြည့်ရေးစင်တာများတွင် (၁၄) ရက် နေထိုင်ရမည်ဖြစ်ကြောင်း ကြေညာပေးခဲ့ပြီး ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)


