ညောင်တုန်း ၂၆ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် သီးခြားထားရှိသော နေရာအဖြစ် သတ်မှတ်ထားသည့် အ.ထ.က(၁) ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အိပ်စင်များ ထားရှိပေးခြင်း၊ ရေမီးရရှိရေးနှင့် လက်ဆေးရန် ဘေစင်များထားရှိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အ.ထ.က(၁) ကျောင်းဝင်းအတွင်း ပြည်ပမှပြန်လာသူများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် ပြင်ဆင်ထားရှိမှုကို အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

 

ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရက်ကွက်/ကျေးရွာများအလိုက် ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် သီးခြားထားရှိသော နေရာများအဖြစ် မြို့ပေါ်ရပ်ကွက် (၁၀)ခုနှင့် နီးစပ်ရာနေရာများရှိ ပြည်ပနိုင်ငံများမှ ပြန်လာသူများကို အ.ထ.က(၁)နှင့် ကျေးရွာများတွင် သပြေချောင်းကျေးရွာ၊ ဆားမလောက်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ငှက်ပျောကျွန်းကျေးရွာ၊ ချောင်းကြီးကျေးရွာတို့ရှိ စာသင်ကျောင်း စသည့် ၆ နေရာအား သီးခြားထားရှိရန်နေရာအဖြစ် သတ်မှတ်ထား၍ ပြင်ဆင်ထားကြောင်း သိရသည်။

 

ဝဠာနိုင် (ညောင်တုန်း)