ညောင်တုန်း ၃ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးမှူး ဦးလှဦးက ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း၊ သံသယရှိဖွယ် ရောဂါလက္ခဏာများ တွေ့ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အချိန်မီ သတင်းပေးပို့နိုင်ရေးတို့ကို ဟောပြောခဲ့ပြီး လက်ထောက် ကျန်းမာရေး ဦးစီးမှူး ဦးစိုးမြင့်က ကိုရိုနာဗိုင်းရပ်စစ်ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရန် လက်ကို သန့်စင်အောင် ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ နှာချေး၊ ချောင်းဆိုးလျှင် နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် အဝတ်နှင့် နှာခေါင်းစည်းအသုံးပြုရန်နှင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)


