ညောင်တုန်း ၂၆ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီကာလတွင် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များပါဝင်သည့် ရေဘေးပညာပေးစာစောင်များကို ယနေ့နံနက်ပိုင်းက ကားဂိတ်၊ ယာယီဈေးများ၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်လမ်းနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
ရေဘေးပညာပေးစာစောင်တွင် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့် အချက်များစသည့် အကြောင်းအရာများ စုံလင်စွာပါဝင်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အခမဲ့ ထုတ်ဝေပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုးရာသီကာလတွင် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ ပါဝင်သည့် ရေဘေးပညာပေး စာစောင်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ဝဠာနိုင် (ညောင်တုန်း)


