ညောင်တုန်း ၁၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော အထင်ကရ ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လပြည့်နေ့နှင့် လပြည့်ကျော် (၁)ရက်တို့တွင် မြို့တွင်းသို့ ဒေသစာရီကြွချီ အန္တရာယ်ကင်းလှည့်လည် ကျင်းပပြုလုပ် အပူဇော်ခံခဲ့သော်လည်း ယခု ၂၀၁၉ ခုနှစ် တန်ဆောင်မုန်းလတွင် ညောင်တုန်းမြို့၌ မိုးလေဝသအခြေအနေကြောင့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ အန္တရာယ်ကင်းလှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၁၆ ရက် (စနေနေ့ ညနေ ၆ နာရီမှ စတင်ကာ နိုဝင်ဘာ ၁၇ ရက် (တနင်္ဂနွေည)တို့တွင် (၂)ညတိုင်တိုင် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ကျင်းပရေးဦးစီးကော်မတီမှ ဦးဆောင်၍ တန်ဆောင်တိုင်ဘုရားပွဲတော်အား စည်ကားစွာကျင်းပလျက်ရှိကြောင်း သိရသည်။
မဟာဝိသုတာရာမ တိုက်သစ်ကျောင်းတိုက် ကန္ဒာကုဋိတိုက်မှ ရပ်ကွက်အသီးသီးသို့ နှစ်ကျိပ်ရှစ်ဆူဘုရားများ ပင့်ဆောင်ခြင်းကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရက်ကွက် (၁၀) ခုသို့ ဒေသစာရီကြွချီအပူဇော်ခံ အန္တရာယ်ကင်း လှည့်လည်အပူဇော်ခံလျက်ရှိသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားများအား အပူဇော်ခံ အန္တရာယ်ကင်းလှည့်လည်ရာတွင် ရပ်ကွက်အသီးသီးမှ သက်ကြီးရွယ်ကြီးများ၊ ဘာသာရေးအသင်းအဖွဲ့ဝင်များ၊ ယောဂီဝတ်ရွတ်အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်သို့ မဲကျရာဘုရားဆင်းတုတော် အဆူများကို အလှပန်းရထားယာဉ်များဖြင့် ပင့်ဆောင်ကြသည်။ နိုဝင်ဘာ ၁၆ ရက် (ပထမည)တွင် မြို့၏(အနောက်ပိုင်း)နှင့် နိုဝင်ဘာ ၁၇ ရက် (ဒုတိယည)တွင် မြို့အရှေ့ပိုင်းရပ်ကွက်များသို့ ဘုရားရုပ်ပွားတော်များအား အန္တရာယ်ကင်း ဒေသစာရီကြွချီပြီး သက်ဆိုင်ရာ ရပ်ကွက်အသီးသီးတွင် ပါဝင်လိုက်ပါပူဇော်ကြသူများနှင့် ဘုရားပင့်ဆောင်သူများဖြင့် အထူးစည်ကားစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ထွန်းကျော်(ညောင်တုန်း)


