ညောင်တုန်း ၁၄ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ နယ်မြေမီးသတ်စခန်း ပြင်ပရေနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခြင်းလုပ်ငန်းအား မြို့နယ်စိစစ်ကြီးကြပ်ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ မြို့နယ်စိစစ်ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးကျော်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေနန္ဒာပပဝင်း၊ မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ဒေါ်ချိုသန္တာလှိုင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းတို့က ဆားမလောက် နယ်မြေမီးသတ်စခန်း ပြင်ပရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်း ဆောက်လုပ်ခြင်းအား သတ်မှတ်ကာလအတွင်း အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာ ဆောက်လုပ်နိုင်ခြင်း ရှိ၊ မရှိတို့အား စစ်ဆေးခဲ့ရာ အောင်မြင့်မိုရ်စံအိမ်ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သန္တာဝင်းက အဆောက်အဦနှင့် ပတ်သက်၍ လုပ်ငန်း၏ ၅၀ ရာခိုင်နှုန်းပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြသခြင်းနှင့် ဆက်လက် ဆောက်လုပ်သွားမည့် အခြအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ဆားမလောက်နယ်မြေ မီးသတ်စခန်းပြင်ပရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းကို အောင်မြင့်မိုရ်စံအိမ် ကုမ္ပဏီက ဧပြီလ ၁ ရက်မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဆားမလောက်ကျေးရွာရှိ နယ်မြေမီးသတ်စခန်း ပြင်ပရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းဆောက်လုပ်ခြင်းပြီးစီးပါက ရန်ကုန်-ပုသိမ် ကားလမ်းပေါ်နှင့် ဆားမလောက် ကျေးရွာအနီးဝန်းကျင်မှ ကျေးရွာများအတွက်လည်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာလျှင် အချိန်မီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)
