ညောင်တုန်း ၁၅ သြဂုတ်          

     
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ နယ်မြေမီးသတ်စခန်းနှင့် ပြင်ပရေ၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ် စိစစ်ကြီးကြပ်ရေးအဖွဲ့မှ  ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စိစစ်ကြီးကြပ်ရေး အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း၊ စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးကျော်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆားမလောက် နယ်မြေမီးသတ်စခန်း (၄၅ x ၅၀ x ၂၆) ပေ သံကူကွန်ကရစ် (၂) ထပ် အဆောက်အဦ (၁) လုံး ဆောက်လုပ်ခြင်း လုပ်ငန်းနှင့် ပြင်ပရေ၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းဆောက်လုပ်ခြင်းအား သတ်မှတ်ကာလအတွင်း အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာ ဆောက်လုပ်နိုင်ခြင်း ရှိ၊ မရှိတို့အား စစ်ဆေးခဲ့ရာ Two Lions Co., Ltd မှ တာဝန်ရှိသူတစ်ဦးက အဆောက်အဦနှင့် ပတ်သက်၍ လုပ်ငန်း၏ ၅၀ ရာခိုင်နှုန်းပြီးစီးမှုနှင့် အောင်မြင့်မိုရ်စံအိမ် Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ပြင်ပရေ၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းနှင့်ပတ်သက်၍ ၁၀ဝ ရာခိုင်နှုန်းပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြသခြင်းနှင့် ဆက်လက် ဆောက်လုပ်သွားမည့် အခြအနေများကို ရှင်းလင်းတင်ပြခဲ့သည်။


အဆိုပါ ဆားမလောက်နယ်မြေ မီးသတ်စခန်းကို ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ညောင်တုန်းမြို့နယ်၊ ဆားမလောက် ကျေးရွာရှိ နယ်မြေမီးသတ်စခန်း ဆောက်လုပ်ခြင်းကို Two Lions ကုမ္ပဏီမှ  မတ်လ ၂၈ ရက်နေ့က စတင်၍ ဆောက်လုပ်ခဲ့ပြီး ပြင်ပရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းကို အောင်မြင့်မိုရ်စံအိမ်ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။


ဝဠာနိုင်(ညောင်တုန်း)