ညောင်တုန်း  ၂၁   ဒီဇင်ဘာ

 

အနာဂတ်နိုင်ငံတော်အတွက် အရေးပါသည့် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာပေဗဟုသုတ ရရှိရေး၊ ဉာဏ်ရည်ထက်မြက်စေရေး၊ စွမ်းရည်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ကျင်းပသည့် ကလေးစာပေပွဲတော် ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ နေ့ရက်များတွင် ကျင်းပမည်ဖြစ်ရာ အောင်မြင်စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးတို့က ကြိုတင်စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်သည်။

 

ညောင်တုန်းမြို့နယ် ကလေးစာပေပွဲတော်တွင် ပါဝင်မည့်ပြိုင်ပွဲများအတွက် အကြောင်းအရာ သတ်မှတ်ချက်များ၊ စည်းကမ်းချက်များ၊ ဆုရွေးချယ်ရေးမူများအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပြန်ဆက်ရုံးတွင် ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပရာ မြို့နယ်ပြန်ဆက်ဦးစီးဌာ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်သတင်းစာဆရာအသင်များမှ တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ကလေးစာပေပွဲတော်တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အိမ်ဆောက်ကစားနည်း အပါအဝင် ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် ညောင်တုန်းမြို့သား ဆရာကြီး ကာတွန်းဦးဗဂျမ်း၏ ကာတွန်းလက်ရာများကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

နေလင်း (ညောင်တုန်း)