ညောင်တုန်း ၈ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခက်အခဲမရှိ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး အတွက် နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးဗလာစာအုပ်များကို ဇွန်လ ၁ ရက်နေ့မှစတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ တာဝန်ခံမူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
“ကျွန်တော်တို့ ညောင်တုန်းမြို့နယ်အတွင်းမှာ အခြခံပညာမူလတန်းကျောင်း ၂၂၁ ကျောင်းရှိပါတယ်။ မြို့နယ် အတွင်းရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေ အခက်အခဲမရှိ ပညာသင်ကြားနိုင်ရန် နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးတာဖြစ်ပါတယ်၊ အခမဲ့ထောက်ပံ့ပေးရာမှာ Grade-1 မှ Grade-4 အထိ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူတွေကိုထောက်ပံ့ ပေးခြင်းဖြစ်ပြီး KG တန်းတွေအတွက်တော့ မပါဘူး၊ ကျွန်တော်တို့မြို့နယ်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးတာ ကျောင်းသုံးဗလာစာအုပ် ၁၉၅၉၂ ဒါဇင် ရရှိခဲ့ပါတယ်၊ ယခုလိုရရှိတဲ့ဗလာစာအုပ်တွေကို ဇွန်လ ၁ ရက်နေ့မှစတင်ပြီး တာဝန်ခံမူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမများထံ ၁၈၁၅၆ ဒါဇင်ကို ထောက်ပံ့ပေးခဲ့ပြီးပါပြီ။ ကျန်ရှိနေသေးတဲ့ မူလတန်းကျောင်းများကို ယခု ဇူလိုင် ၈ ရက်တွင် အပြီးသတ်ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်”ဟု လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းမင်းက ပြောသည်။
အဆိုပါ အခြေခံပညာမူလတန်းကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်များအား အခမဲ့ဖြန့်ဝေပေးရန် ကျောင်းသုံးဗလာစာအုပ်များ အရည်အသွေးစိစစ်ခြင်းများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင်နှင့် တာဝန်ရှိသူများက ကြိုတင်ပေးပို့ထားသည့် ဗလာစာအုပ်နမူနာများနှင့် ရောက်ရှိလာသည့် ကျောင်းသုံးဗလာစာအုပ်များ အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိအား ကြိုတင်စစ်ဆေးခဲ့ပြီးမှသာ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝဠာနိုင် (ပြန်/ဆက်)


