ညောင်တုန်း  ၁၇ ဒီဇင်ဘာ        

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်က ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျင်းပပြီးစီးခဲ့သော မြို့နယ်များမှ ပွဲတော်ကျင်းပခဲ့သည့် မှတ်တမ်း ဓာတ်ပုံများအား ကော်မတီဝင်များ သိရှိနိုင်ရန် ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့သည်။

 

mdn

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က ကလေးစာပေပွဲတော်ကျင်းပနိုင်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ဝေဝေနွယ်က ကလေးစာပေပွဲတော် ကျင်းပရာတွင် အခြေခံပညာဦးစီးဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးကော်တီဥက္ကဋ္ဌ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကလေးစာပေပွဲတော် ကျင်းပပြုလုပ်မည့် အ.ထ.က(၁) ကျောင်းသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။

 

mdn

 

ညောင်တုန်းမြို့နယ်တွင် ကလေးစာပေပွဲတော်ကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပုံပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်း၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝဠာနိုင်(ညောင်တုန်း)

 

mdn