ညောင်တုန်း ၂၂ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာအုပ်စုတွင် ပန်းလှိုင်မြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ယနေ့ မွန်းလဲပိုင်းက နေအိမ် ၆ လုံး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် ညောင်တုန်းမြို့ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက်ကျေးရွာ အလယ်ပိုင်း စံပယ်လမ်းတွင် မြစ်ကမ်းပါး အလျား ၅၀ ပေ၊ အနံ ၃၀ ပေခန့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးသွားခဲ့သည်။
ယခုအခါ ပြိုကျသော မြစ်ကမ်းပါးနှင့် နီးစပ်လျက်ရှိသော လူနေအိမ် ၅ လုံးအား ကြိုတင်ဖျက်သိမ်းပေးခဲ့ရာ စုစုပေါင်း လူနေအိမ် ၆ လုံး၊ အိမ်ထောင်စု ရှစ်စု၊ လူဦးရေ ၂၉ ဦးတို့အား ယင်းတို့၏ ဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့ နေရာချထားပေးထားကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)