ညောင်တုန်း  ၂   ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၏  စိုးရိမ်ရေအမှတ်သည် (၂၂ ဒသမ ၅၀) ပေဖြစ်ပြီး၊ အန္တရာယ်ရေအမှတ်မှာ (၂၄ ဒသမ ၅၀) ပေ ဖြစ်သည်၊၊ ညောင်တုန်းမြို့ အနေဖြင့် နှစ်စဉ်မြင့်တက်ခဲ့သော ဧရာဝတီ မြစ်ရေ၏ မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် (၂၆ ဒသမ ၄၀)ပေ၊ ၂၀၁၇ ခုနှစ်တွင် (၂၅ ဒသမ ၂၀) ပေ၊ ၂၀၁၈ ခုနှစ်တွင် (၂၄ ဒသမ ၀၀) ပေနှင့် ၂၀၁၉ ခုနှစ်တွင် (၂၂ ဒသမ ၈၀) ပေအထိ အသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်၊၊

ယခုနှစ် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂ ရက်နေ့၊ နံနက်(၆) နာရီ အချိန်အထိ တိုင်းတာချက်အရ (၂၃ ဒသမ ၀၅) ပေသို့ ရောက်ရှိနေကြောင်း သိရသည်၊၊ နှစ်စဉ်မြင့်တက်ခဲ့သော အမြင့်ဆုံးရေအမှတ်မှာ မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် (၂၆ ဒသမ ၄၀ ) ပေ အထိ အမြင့်ဆုံးမြင့်တက်ခဲ့ပြီး ရေဘေးအန္တာရာယ်နှင့် နှစ်စဉ်ကြုံတွေ့ခဲ့ရသည်၊၊ အဆိုပါရေဘေး အန္တရာယ်မျိုး နှစ်စဉ်မဖြစ်ပေါ်နိုင်ရေးအတွက် နိုင်ငံတော်မှ ၂၀၁၆ ခုနှစ်တွင် မြို့ပတ်ရေကာတာနှင့် စိုးရိမ်ရသော မြစ်ကမ်းနေရာများကို ပြန်လည်ပြုပြင်ခြင်း၊ မြှင့်တင်ခြင်းများ ဆောင်ရွက်ထားခြင်း၊ မြို့ပတ်ရေကာတာ၏ အမြင့်ကို (၃၁ ဒသမ ၀၀) ပေအထိမြှင့်တင် ဆောင်ရွက်ထားလျှက် ရှိသည်၊၊

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းမှ စတင်ကာ (၂၁) လမ်းနှင့် (၂၂) လမ်းကြားရှိ မြစ်ကမ်းထိန်းတာသည် မြစ်ကမ်းထိန်း အုပ်ရိုးများ ကျိုးပြတ်မှုများနှင့်‌‌ ပေ (၆၅၀) ခန့် မြေသားနိမ့်ကျမှု ဖြစ်ပွားခဲ့ရာ ယခုအခါ မြစ်ကမ်းထိန်း ကမ်းပြို ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ဘိုးပိုင် အခြေပြု ကျောက်စီမြေထိန်းတမံ အလျား (၆၅၀) ပေ တည်ဆောက်ခြင်း လုပ်ငန်းများ အရုဏ်ဉီး ကုမ္ပဏီမှ ကမ်းထိန်းသိမ်း ကာကွယ်လုပ်ငန်းများ တည်ဆောက်လျှက် ရှိနေရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စု အစိုးရ၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးမှုများကြောင့် အခုလို အခြေနေမျိုးမှာ စိတ်အေးချမ်းသာဖြင့် နေထိုင်ရကြောင်းနှင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း မြစ်ကမ်းဘေးမြို့ပတ်တာအနီး နေထိုင်သူတစ်ဦးက ပြောသည်၊၊

ဝင်းမြင့်ကျော်၊ ထွန်းကျော်(ညောင်တုန်း)