ညောင်တုန်း ၁၁ ဇန်နဝါရီ       

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် မြစ်ကမ်းထိန်းအုတ်ရိုးများ ကျိုးပြတ်မှုနှင့် မြေနိမ့်ချိုင့်ဝင်ကျွံကျမှုအား ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဇန်နဝါရီ ၁၀ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ညောင်တုန်းမြို့တွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် အမှတ်(၃) ရပ်ကွက်၊ ၂၁ လမ်းကမ်းနားနှင့် ၂၂ လမ်းကမ်းနား မြို့မြစ်ကမ်းတာအတွင်းဘက် မြစ်ကမ်းထိန်းအုတ်ရိုးများသည် ဇန်နဝါရီ ၇ ရက်တွင် တာတမံ အရှည် ပေ ၃၀ဝ ခန့် အက်ကြောင်းများ နိမ့်ကျနေခြင်းနှင့် ဇန်နဝါရီ ၈ ရက်တွင် ယင်းမြစ်ကမ်းထိန်းအုတ်ရိုးများ ကျိုးပြတ်ခဲ့သည့်နေရာတွင် အလျား ၃၆၅ ပေရှိ အက်ကြောင်းများ ထပ်မံဖြစ်ပေါ်ခဲ့ပြီး ၁ ပေခန့် မြေနိမ့်ကျသွားခဲ့ပြီးနောက် ညနေပိုင်းတွင် အဆိုပါနေရာ၌ အလျား ၃၆၅ ပေခန့်မှ အလျား ၁၅၀ ပေ မြေသား ၈ ပေခန့် ထပ်မံနိမ့်ကျခြင်း ဖြစ်ပေါ်ခဲ့သည်။

 

မြစ်ကမ်းတာနိမ့်ကျမှုကြောင့် ၂၂ လမ်း ကမ်းနားရှိ အ.မ.က (သွန်း) ကျောင်းအား ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်အား ယာယီကျောင်းပိတ်ထားကာ ဇန်နဝါရီ ၁၃ ရက်တွင် အမှတ်(၂) ရပ်ကွက် သွန်းဘုရားကြီး တန်ဆောင်းအတွင်းသို့ ကျောင်းပြောင်းရွှေ့ သင်ကြားသွားမည်ဖြစ်သည်။

 

အဆိုပါ မြစ်ကမ်းတာနိမ့်ကျမှုအား ဇန်နဝါရီ ၁၀ ရက်တွင် နယ်သာလန်အခြေပြု (Arrcadis) ကုမ္ပဏီမှ အဖွဲ့သည် မြစ်ကမ်းပြိုကျသည့်နေရာတစ်လျောက် မြေသားစမ်းသပ်ခြင်းလုပ်ငန်း၊ အသေးစိတ်တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မအူပင်ခရိုင် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Flooation Stucture (ရေတောင်ဝှေး) လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ရာ အလျား ၃၅၀ ပေခန့်ပြီးစီးခဲ့ပြီး ကျန်ရှိနေသည့် လုပ်ငန်းအား အမြန်ဆုံးဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝဠာနိုင်(ညောင်တုန်း)