ညောင်ဦး ၁၆ မေ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဘကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းဘေး ဦးပေါင်းကျား မြင်းစီးစခန်းတွင် မေ ၁၆ ရက် နံနက် ၁၁ နာရီခွဲခန့်က အမှိုက်ပုံမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီခွဲ ဝန်းကျင်ခန့်က ညောင်ဦးမြို့နယ် တောင်ဘကျေးရွာနေ ဦးကျော်လှိုင်သည်  ညောင်ဦး - ကျောက်ပန်းတောင်းသွား ကားလမ်းဘေးရှိ မိမိပိုင်ဆိုင်သော သနပ်ခါးခြံသို့ သွားရောက်၍ ခြံစည်းရိုး အမှိုက်များရှင်းလင်းမီးရှို့ခဲ့ပြီး မီးမငြှိမ်းသတ်ဘဲ နေအိမ်သို့ ပြန်လာခဲ့ရာ အမှိုက်ပုံမီးမှတစ်ဆင့် သနပ်ခါးခြံအား မီးကူးစက်လောက်ကျွမ်း၍ ဘေးတွင်ကပ်လျက်ရှိသော ဦးပေါင်းကျား မြင်းစီးစခန်းရှိ မြင်းဇောင်းတဲအား ထပ်မံမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းရာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦးအဖွဲ့က မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် သုံးစီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ ညောင်ဦးမြို့၊ ဂရုဏာရှင်နာရေးကူညီမှုအသင်းမှ ရေသယ်ယာဉ် တစ်စီးနှင့်အတူ သွားရောက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသခံပြည်သူများနှင့် အတူ ဝိုင်းဝန်းစုပေါင်း ငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ညောင်ဦးမြို့၊ အမှတ်(၃) ဇေယျဝတီရပ်ကွက်နေ ဦးထွန်းလင်းဇော် ပိုင်ဆိုင်သော ဦးပေါင်းကျား မြင်းစီးစခန်းရှိ အလျား ၁၂၀ ပေ၊ အနံ ၄၀ ပေရှိ ထန်းရွက်မိုး၊ မျောတိုင်ကာ၊ မြေစိုက်မြင်းဇောင်းတဲရှိ အလျား ၈၄၊ အနံ ၄၀ ပေခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုအရှိန်ကြောင့် ညောင်ဦးမြို့၊ ဝက်ကြီးအင်းရပ်ကွက်ရှိ မဟာဓာတ်အားခွဲရုံမှ ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်သို့ ဓာတ်အားပို့လွှတ်သော ၁၁ ကေဗွီ ဓာတ်အားလိုင်း လိုင်းကြိုးပေ ၁၅၀ ခန့် အရည်ပျော် ပြတ်ကျခဲ့ကြောင်း သိရကာ လူနှင့် တိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးကိုပေါ့ဆစွာ အသုံးပြုသူ ညောင်ဦးမြို့နယ် တောင်ဘကျေးရွာနေသူ သနပ်ခါးခြံပိုင်ရှင် ဦးကျော်လှိုင်အား ညောင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)