ညောင်ဦး - ကျောက်ပန်းတောင်းသွားကားလမ်း  မြတ်နိုးသူဆောက်လုပ်ရေးကုမ္ပဏီ တိုးဂိတ်ရှိ ဝန်ထမ်းအိမ်ရာနှစ်လုံး  မီးလောင်မှုဖြစ်ပွား

ညောင်ဦး  ၃၀  ဒီဇင်ဘာ

 

ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းရှိ မြတ်နိုးသူဆောက်လုပ်ရေး ကုမ္ပဏီတိုးဂိတ်တွင် ဒီဇင်ဘာ ၂၉ ရက်က ဝန်ထမ်းများ နေထိုင်ရန် ဆောက်လုပ်ထားရှိသည့် သက္ကယ်မိုး၊ ထရံကာ မြေစိုက်တန်းလျားနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

 

01

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းအား BOT စနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္ပဏီတိုးဂိတ်တွင် အလုပ်ဝင်ရောက်လုပ်ကိုင်သည့် ဦးနေလင်းအောင်သည် သန့်ရှင်းရေး ဆောင်ရွက်ပြီး အမှိုက်ပုံအား မီးရှို့ရာမှ အနီးရှိ ဝန်ထမ်းများနေထိုင်ရန် ဆောက်လုပ်ထားသည့် (အလျား ၄၀ ပေ၊ အနံ ၃၀) သက္ကယ်မိုး၊ ထရံကာ မြေစိုက်တန်းလျား နေအိမ်အမိုးပေါ်သို့ မီးပွားကျ၍ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

02

 

မီးလောင်ရာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် သုံးစီ ၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုကြောင့် မြတ်နိုးသူဆောက်လုပ်ရေး ကုမ္ပဏီဝန်းရှိ သက္ကယ်မိုး၊ ထရံကာ၊ မြေစိုက်တန်းလျား နေအိမ်နှစ်လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည်။

 

03

 

မီးလောင်မှုကြောင့် မီးပေါ့ဆစွာအသုံးပြုသူ နေလင်းအောင်အား ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)