နေပြည်တော် ၁၉ အောက်တိုဘာ
ညောင်ဦး-မြင်းခြံလမ်းပေါ်ရှိ ဆင်တဲဝချောင်းတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားအနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးကျော်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များ၊ လူရည်ချွန်မောင်မယ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆင်တဲဝ ချောင်းတံတား ဟောင်းသည် ပေရှည် (၇၆၅)ပေရှိပြီး ၁၉၉၆ ခုနှစ်ခန့်က တည်ဆောက်ပြီးစီး အသုံးပြုခဲ့ပါကြောင်း၊ တံတားသက်တမ်းအနေဖြင့် နှစ်ပေါင်း(၂၃)နှစ်ခန့် ကြာမြင့်ပြီဖြစ်ပြီး မီးရထားလမ်းနှင့် ယာဉ်သွားလမ်း တစ်လမ်းတည်းသာရှိသော တံတားဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ဖက်ခြမ်းမှ မော်တော်ယာဉ်များဖြတ်သန်းလျင် အခြားတစ်ဖက်မှ စောင့်ဆိုင်းနေရခြင်း၊ မီးရထားလာချိန်များတွင် နှစ်ဖက်စလုံးမှ မော်တော်ယာဉ်များ စောင့်ဆိုင်းနေရခြင်းများရှိပါကြောင်း၊ ယခုတည်ဆောက်ပြီးစီးခဲ့သည့် ဆင်တဲဝတံတား အသစ်သည် အရှည်အားဖြင့် (၉၃၅)ပေရှိပြီး (၂၄)ပေ အကျယ် (၂)လမ်းသွား သံကူကွန်ကရစ်တံတားအမျိုးအစား ဖြစ်ပါကြောင်း၊ ထို့အတွက် မြင်းခြံဒေသနှင့် ညောင်ဦးဒေသများမှ ပြည်သူအများ ရပ်တန့်စောင့်ဆိုင်းနေရခြင်းမျိုး မရှိဘဲ အချိန်မရွေး လုံခြုံချောမွေ့စွာသွားလာနိုင်ပြီ ဖြစ်ပါကြောင်း။
ဒေသခံပြည်သူလူထုအနေဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့်အတူ ဆက်လက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြပါရန်နှင့် တံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးဦးကျော်လင်းက တံတားတည်ဆောက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆင်တဲဝချောင်းတံတား တည်ဆောက်ဖွင့်လှစ်နိုင်ရန် ကူညီပံ့ပိုးပေးသော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ဒေသခံပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးမှ တံတားတည်ဆောက်ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဆင်တဲဝတံတားကို လူရည်ချွန်မောင်မယ်များဖြစ်သော မောင်အောင်ဖြိုးလွင်၊ မောင်ဟိန်းထက်ညီ၊ မတင်ချိုအေးနှင့် မအင်ကြင်းစံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ဆင်တဲဝတံတားသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်ဦး-မြင်းခြံလမ်း မိုင်တိုင်အမှတ် (၃၃/၁)နှင့် (၃၃/၃)ကြားတွင် ဆင်တဲဝချောင်းကိုဖြတ်၍ တည်ဆောက်ထားပြီး အပေါ်ထည် ကြိုတင်အားဖြည့် သံကူကွန်ကရစ်ယက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်း အောက်ထည် သံကူကွန်ကရစ်အုတ်မြစ်မှာ (၁ ဒသမ ၂)မီတာ အချင်းရှိ သံကူကွန်ကရစ်ဘိုးပိုင် တံတားအရှည်မှာ (၂၈၄ ဒသမ ၉၈)မီတာ (၉၃၅)ပေနှင့် တံတားအကျယ်မှာ (၇ ဒသမ ၃)မီတာ (၂၄)ပေအကျယ် နှစ်လမ်းသွားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ HS-25 ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်




