ပုဂံ    ၂၈   မေ       

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပုဂံမြို့၊ လောကနန္ဒာဘေးမဲ့တောဉယျာဉ်အနီး ညောင်ဦး - ပုဂံ - ချောက်သွားကားလမ်း ရေကျော်ချောင်းတွင် ချောင်းရေနှင့်အတူ မျောပါလာသည့် အမှိုက်သရိုက်များ ကားလမ်းမပေါ်တင်ကျန်နေမှုအား ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ညောင်ဦးမြို့နယ် လမ်းဦးစီးဌာနမှ စက်ယန္တရားတစ်စီးဖြင့် ဖယ်ရှားရှင်း လင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လောကနန္ဒာဘေးမဲ့တောဉယျာဉ်အနီး ညောင်ဦး - ပုဂံ - ချောက် သွားကားလမ်းပေါ်ရှိ ရေကျော်ချောင်းတွင် ရေစီးနှင့်အတူ မျောပါလာသော အမှိုက်သရိုက်များ ကားလမ်းမပေါ် တင်ကျန်နေသည့်အတွက် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာရာတွင် စိတ်အနှောက်အယှက်များ ကြုံတွေ့နေရကြောင်း ပုဂံမြို့ဒေသခံတစ်ဦးက သတင်းပေးပို့ အကူအညီတောင်းခံခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက စက်ယန္တရား တစ်စီးဖြင့် လာရောက်ဖယ်ရှားရှင်းလင်း ဆောင်ရွက် ပေးခဲ့သဖြင့် ယခုအခါ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာခွင့်ရရှိ သွားပြီဖြစ်ကြောင်း ပုဂံမြို့ပေါ်မှ ဒေသခံပြည်သူ ကိုဆော်(ပုဂံ) ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )