ညောင်ဦး ၁ မတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ အလုပ်သင်ဝန်ထမ်းများအား ဘက်စုံလုပ်ငန်း ကျွမ်းကျင်မှု ရှိစေရန်အတွက် ရည်ရွယ်၍ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို အပတ်စဉ် စနေနေ့တိုင်း ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အလုပ်သင်ဝန်ထမ်း သင်တန်းသား ၂၁ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင် ဦးဆောင်၍ ခရိုင်/မြို့နယ် (မြေ၊ မျိုး၊ ပိုး)တာဝန်ခံများက ဝန်ထမ်းကျင့်ဝတ်နှင့် လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများ၊ ရုံးလုပ်ငန်းစီမံခန့်ခွဲရေး နည်းစနစ်များ၊ (မြေ၊ မျိုး၊ ပိုး)ဆိုင်ရာ တောင်သူပညာပေး နည်းစနစ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။
“ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ယခုလို အလုပ်သင်ဝန်ထမ်းတွေကို အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်အောင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါတယ်။ ဒီသင်တန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် (စနေနေ့)က စပြီး အပတ်စဉ် ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပြီး အလုပ်သင်ဝန်ထမ်း စုစုပေါင်း သင်တန်းသား ၂၁ ဦး တက်ရောက်သင်ကြားလျက်ရှိပါတယ်။ သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု နည်းပညာတွေ၊ ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်တွေနဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ တောင်သူပညာပေး လုပ်ငန်းတွေဖြစ်တဲ့ (မြေ၊ မျိုး၊ ပိုး )ဆိုင်ရာ လုပ်ငန်းတွေကို အဓိကထားပြီး စာတွေ့လက်တွေ့ သင်ကြားပေးတာ ဖြစ်ပါတယ်။ ဒီသင်တန်းကို အပတ်စဉ် စနေနေ့တိုင်း မတ်လကုန်အထိ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပို့ချသင်ကြားပေးရာမှာလည်း သင်တန်းသား တစ်ဦးချင်းအလိုက် လုပ်ငန်းကျွမ်းကျင်မှုရှိအောင် သင်ကြားပေးပြီး ဘာသာရပ်တွေအပေါ်မှာ နားလည်မှု ရှိ မရှိ ဆန်းစစ်ကာ သင်တန်းနည်းပြတွေနဲ့ အပြန်အလှန် ဆွေးနွေးမေးမြန်းခြင်း၊ ဖြေကြားခြင်း အစီအစဉ်တွေနဲ့ ပို့ချသင်ကြားပေးတာ ဖြစ်ပါတယ်” ဟု ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်သီးနှံပိုးမွှားတာဝန်ခံ ဒေါ်ခင်သန်းမြင့်က ပြောသည်။
ယခုလို အလုပ်သင်ဝန်ထမ်းတွေကို လုပ်ငန်းစွမ်းဆောင် ရည်မြင့်မာရေးသင်တန်းတွေ ပို့ချသင်ကြားပေးခြင်းအားဖြင့် ဌာနအတွက် အကျိုးရှိပြီး အားကိုးအားထားပြုရသော ဘက်စုံကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းကောင်းတွေ တိုးပွားလာစေမှာဖြစ်ကြောင်း ခရိုင် သီးနှံပိုးမွှားတာဝန်ခံ ဒေါ်ခင်သန်းမြင့် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


