ညောင်ဦး   ၆  အောက်တိုဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၄ ဦး ရောဂါ ပျောက်ကင်း၍ ယနေ့ နံနက် ၁၁ နာရီက ဆေးရုံဆင်းခွင့်ရရှိကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း ထံမှ သိရသည်။

 

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်အတည်ပြုလူနာ ၄ ဦးအား ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်အောင်က ဆေးရုံဆင်းခွင့်ရသော်လည်း မိမိနေအိမ်တွင် ၇ ရက်တိတိ ဆက်လက်အနားယူ နေထိုင်ရမည်ဖြစ် ကြောင်း၊ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားရှိ အသုံးပြုစေလိုကြောင်း၊ မိသားစုများနှင့်အတူ ရောနှောနေထိုင်ခြင်းမပြုဘဲ သီးခြားနေထိုင်ကာ မိတ်ဆွေများကိုလည်း မိုဘိုင်းဖုန်း(သို့) Online မှသာ ဆက်သွယ် ပြောဆိုမှုပြုလုပ်စေလိုကြောင်း၊ အိမ်ရှိအများသုံးပစ္စည်းတစ်ခုကို ကိုင်တွယ်မှီနှင့်ကိုင်ပြီးတိုင်း ဆပ်ပြာနှင့် ရေကိုအသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောခြင်း၊ အလ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်သော လက်သန့်ဆေးရည်ကို အသုံးပြုဆေးကြောစေလိုကြောင်း၊ ဆေးရုံဆင်းပြီး တစ်ပတ်အကြာ သက်ဆိုင်ရာကျန်းမာရေး ဌာနသို့ ညွှန်ကြားထားသည့်အတိုင်း ပြန်လည်ပြသရန်လိုအပ်ကြောင်းတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

ဆေးရုံဆင်းခွင့်ရရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၄ ဦးအား ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံမှကားဖြင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၄၉ ဦးရှိပြီး ယနေ့တွင် ၄ ဦး ဆေးရုံ ဆင်းခွင့်ရရှိသဖြင့် ၄၅ ဦးသာကျန်ရှိတော့ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း