ညောင်ဦး   ၁၉    အောက်တိုဘာ     

မန္တလေးတိုင်းဒေသကြီး ညောင်ဉီးခရိုင်အတွင်း ပေါ့ဆမီးနှင့် လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားမှုကြောင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ရာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလအထိ မီးလောင်မှုအကြိမ်ရေ ၄၂ ကြိမ် ဖြစ်ပွားခဲ့ ကြောင်း ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။ 


အဆိုပါ မီးလောင်မှုများဖြစ်ပွားရာတွင် ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ မီးလောင်မှုအကြိမ်ရေ ၁၇ ကြိမ်သာ ဖြစ်ပွားပြီး ၊ ယခု ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ယခုလ အောက်တို ဘာ ၁၈ ရက်နေ့အထိ မီးလောင်မှုအကြိမ်ရေမှာ ၂၅ ကြိမ် အထိ ဖြစ်ပွားခဲ့ကြောင်း သိရကာ မီးလောင်မှုဖြစ်စဉ်များတွင် ပြည်သူများ၏ ပေါ့ဆစွာ အသုံးပြုမှုနှင့် လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားမှုတို့ကြောင့် မီးလောင်မှုအကြိမ်ရေ တိုးမြင့်လာရခြင်း ဖြစ်ကြောင်း ၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ၂၀၁၈ ခုနှစ်၊ မီးလောင်မှု (၁၇)ကြိမ်တွင် စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုး ၁၀၂၆၃၅၀ဝ ကျပ် ဆုံးရှုံးခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားသည့် (၂၅)ကြိမ်တွင် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ၆၈၁၇၅၀ဝ ကျပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

 

ေ

 


“ကျွန်တော်တို့ ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နှစ်စဉ် မြို့ပေါ်ရပ်ကွက်များ ၊ စာသင်ကျောင်းများနှင့် စက်သုံးဆီအရောင်း ဆိုင်များကို သွားရောက်ပြီး မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် မီးလောင်မှုဖြစ်ပွားပါက အရေးပေါ် မီးငြှိမ်း သတ်ပစ္စည်းများဖြင့် စနစ်တကျ ကိုင်တွယ်မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းများကို ပညာပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ မီးဘေးအန္တရာယ်ဆိုင်ရာ ပညာပေးသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချသင်ကြားပေးပါတယ်။ သို့ပေမဲ့ လည်း မီးဆိုတဲ့သဘောက “သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး ” ဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ပြည်သူတွေအနေနဲ့ ပေါ့ဆစွာ အသုံးပြုကြမယ်ဆိုရင်တော့ မီးလောင်မှုတွေ ပိုပြီးတော့ ဖြစ်စေနိုင်ပါတယ်။ 

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မီးအသုံး ပြုရာမှာ မပေါ့ဆဖို့ အရေးကြီးသလို စနစ်တကျ ကိုင်တွယ်အသုံးပြုဖို့လည်း အရေးကြီးပါတယ်။ နောက်ပြီး ကလေးတွေကိုလည်း မီးနဲ့ ပတ်သက်ပြီး ကိုင်တွယ်အသုံးမပြုရန်အတွက် ဆင်ခြင်သတိပေးဖို့ လိုပါမယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ မီးလောင်မှုဖြစ်ပွား ပါက ချက်ချင်းအကူအညီ မတောင်းဘဲ ကိုယ်တိုင်ကြိတ်ပြီး မီးငြှိမ်းတတ်တဲ့ အမူအကျင့်တွေ ပြုပြင်သွားဖို့ လိုပါမယ်။  နောက်တစ် ချက်က မီးဘေးကြိုတင်ကာကွယ်ရေးအနေနဲ့ အိမ်တိုင်းအိမ်တိုင်းမှာ အလွယ်တကူ မီးငြှိမ်းသတ်လို့ရအောင် မီးသတ်ဆေးဗူး၊  မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး အစရှိသည့် မီးငြှိမ်းသတ်ပစ္စည်းများ ဆောင်ရွက်ထားရှိဖို့ လိုပါမယ်။ ဒါမှသာ မီးလောင်မှုကို ထိရောက်စွာ ဟန့်တားသွားနိုင်မှာဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားပါက ကျွန်တော်တို့ မီးသတ်ဦးစီးဌာနကို ချက်ချင်း ဆက်သွယ် အကူအညီ တောင်းခံစေလိုပါတယ်” ဟု ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်က ရှင်းလင်းပြောပြသည်။  

ရဲဝင်းနိုင် (ညောင်ဦး)