ညောင်ဦး မတ် ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကြက်သွန်စိုက်တောင်သူများ ကြက်သွန်မျိုးစေ့ပြန်ရောင်းချိန် ဈေးနှုန်းကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ညောင်ဦးခရိုင်အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်နေတောင်သူများ၊ ညောင်ဦးမြို့နယ် ကျေးလက်ကြက်သွန်စိုက်တောင်သူများသည် ကြက်သွန်ပေါ်ချိန်တွင် ကြက်သွန်မျိုးကောင်းမျိုးသန့် ရရှိစေရန် ရှယ်ဥခေါ်လုံးဝန်းကြီးမားသည့်ဥများအား ရွေးချယ်ထားကြကာ ကြက်သွန်မျိုးပန်းစိုက်ပျိုးချိန်တွင် စိုက်ပျိုးကြသည်။ သီတင်းကျွတ်လနှင့်၊ တန်ဆောင်မုန်းလတို့တွင် မျိုးပန်းကြက်သွန်ဥများ စတင်စိုက်ပျိုးကြပြီး တစ်လခန့်ကြာလျှင် ကြက်သွန်ဥမှ မန်တိုင်ခေါ် စိန်ဖူးသဏ္ဌာန် ကြက်သွန်အဖူးထွက်လာကြောင်း ကြက်သွန်တစ်ဥလျှင် ကြက်သွန်ပန်းပွင့်ဖူး နှစ်ဖူးမှလေးဖူးအထိ မျိုးပန်းကြက်သွန်ဖူးထွက်လေ့ရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ ကြက်သွန်မျိုးပန်းစိုက် တောင်သူဦးတင်ထွန်းအောင်က ပြောသည်။ မျိုးစေ့ကြက်သွန်ပန်းများကို ဧပြီလနှင့်မေလ မိုးမကျမီအချိန်တွင် ဆွတ်ခူးကာ နေလှန်း၍ ကြက်သွန်မျိုးစေ့ထုတ်ယူပြီး လုံခြုံသောပုံးများဖြင့် ထည့်ထားပေးရကြောင်း သိရသည်။
ညောင်ဦးခရိုင်(ပြန်/ဆက်)