ညောင်ဦး ၂၅ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အကျဉ်းဦးစီးဌာန အကျဉ်းကျခံနေရသည့် အကျဉ်းသား ၊ အကျဉ်းသူများကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိ ဗဟုသုတများ တိုးပွားလာစေရန်နှင့် ကျန်းမာစွာ နေထိုင် သွားနိုင်စေရန် ရည်ရွယ်၍ ညောင်ဦးမြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်အေးအေးမူ ဦးဆောင်သော ဒုတိယခရိုင်တိုင်းရင်းဆေးမှူး ဦးတင်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် ၊ နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်သို့ သွားရောက်ပြီး တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်အေးအေးမူ က ညောင်ဦးမြို့ အကျဉ်းထောင်ရှိ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၊ အကျဉ်းသူများကို ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်သွားနိုင်ရေး ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်ရမည့်နည်းစနစ်များ ၊ ရာသီအလိုက် ဖြစ်ပွားတတ်သည့်ရောဂါလက္ခဏာများ၊ အဟာရဖွံ့ဖြိုးစေမည့် အစာအာဟာရများအကြောင်းနှင့် တိုင်းရင်းဆေးပညာ သိကောင်းစရာများကို ပညာပေးရှင်းလင်းဆွေးနွေး ဟောပြောကာ ဒုတိယခရိုင်တိုင်းရင်းဆေးမှူး ဦးတင်းစိုး က တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဝါးများဖြင့် ပြည်သူ့အကျိုးပြု နယ်လှည့်ကွင်းဆင်းကုသပေးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ညောင်ဦးမြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်အေးအေးမူ ဦးဆောင်၍ ဒုတိယခရိုင်တိုင်းရင်းဆေးမှူး ဦးတင်စိုး နှင့် ဝန်ထမ်းများအဖွဲ့က အကျဉ်းထောင်ရှိ အကျဉ်းသား ၊ အကျဉ်းသူ ၆၅ ဦး အား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အလားတူ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အခမဲ့ ဆေးဝါးကုသပေးခြင်းလုပ်ငန်း ကို ယင်းနေ့ မွန်းတည့် ၁၂ နာရီအချိန်က ညောင်ဦးမြို့နယ် ချောက်ကန်ကျေးရွာသို့ သွားရောက်ပြီး ဒုတိယဆေးရုံအုပ် ဒေါ်အေးအေးမူ နှင့် ဝန်ထမ်းများအဖွဲ့က ဒေသခံကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးပညာအကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများကို ရှင်းလင်းဆွေးနွေး ဟောပြောကာ ကျေးရွာရှိ နာမကျန်းလူနာ ၉၇ ဦးအား ရောဂါ အခြေအနေ စမ်းသပ်စစ်ဆေး၍ ဆေးဝါးများဖြင့် အခမဲ့ ပြုစုကုသပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်း ဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်အေးအေးမူ က ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)