ညောင်ဦး   ၁  ဇူလိုင်     

 

မန္တ‌လေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မဏိစည်သူဈေးကြီးနှင့် ဘုန်းစင် ပျံကျဈေးတို့ကို ဇွန် ၆ ရက်နေ့ကစပြီး ဈေးရောင်းဈေးဝယ်သူများ အဆင်ပြေစေရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲက ခရိုင်/မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ညောင်ဦးမြို့ မဏိစည်သူဈေး တာဝန်ခံ ဦးအောင်ကျော်မြင့်နှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင် များက သားငါးရောင်းချသည့် ဈေးသူ ဈေးသားများအား ခေါ်ယူတွေ့ဆုံ၍ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ရောင်းချသွားရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ညှိနှိုင်းဆွေးနွေးပွဲတွင် ညောင်ဦးမြို့မဏိစည်သူဈေးတာဝန်ခံ ဦးအောင်ကျော်မြင့်နှင့် ဈေးအကျိုးတော်ဆောင် အဖွဲ့ဝင်များက မဏိစည်သူဈေးအတွင်းရှိ အမဲ၊ ဆိတ်၊ ကြက်၊ ဝက်၊ ငါး စသည့် သားငါးရောင်းချသော ဈေးသည်များအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် သားငါးများရောင်းချရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ ဈေးရောင်းချသည့် နေရာများအား ဈေးရောင်းပြီးတိုင်း သန့်ရှင်းရေး စနစ်တကျဆောင်ရွက်သွားကြရန်၊ ပိုးမွှားကင်းဝေးစေရေး ထုံးဖြူးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ နှာခေါင်းစည်းနှင့် လက်အိတ်များဝတ်ဆင်၍ စနစ်တကျ ဈေးရောင်းချရန် နှင့် သားငါးများအား အဖုံးအကာများဖြင့် ဖုံးအုပ်၍ ရောင်းချသွားရန်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ဈေးရောင်းဈေးဝယ်သူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)