ညောင်ဦး ၂၄ ဧပြီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် ရွှေစည်းခုံဘုရားဝန်းတို့တွင် ယာယီပျံကျဈေးများအဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဧပြီ ၂၃ ရက် ညနေ ၄ နာရီခွဲက ဈေးသည်များ ဈေးပိတ်သိမ်းပြီးချိန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ အခက်အခဲမရှိ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ညောင်ဦးမြို့ပြည်သူ့အားကစားကွင်းအတွင်း သားငါးဆိုင်ခန်း ၈၀ အား စနစ်တကျ သီးခြားဖွင့်လှစ်ပြီး အခြား ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့် စားသောက်ကုန် အရောင်းဆိုင်များကို ညောင်ဦးမြို့ရွှေစည်းခုံဘုရားကွင်းအတွင်း ဆိုင်ခန်းပေါင်း ၅၀ဝ ကျော် စနစ်တကျ ဆိုင်ခန်းနေရာများ သတ်မှတ်၍ ဖွင့်လှစ်ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါ ဖွင့်လှစ်ရောင်းချနေသည့် ယာယီပျံကျဈေးဆိုင်ခန်းများအနက် သားငါးတိရစ္ဆာန်များမှ ကူးစက်ရောဂါမဖြစ်ပွား စေရေးအတွက် ယမန်နေ့ညနေက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြင့်၏ ဦးဆောင်မှုဖြင့် မဏိစည်သူဈေးတာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ရောင်းချနေသော သားငါးဆိုင်ခန်း(၈၀)နှင့် ဈေးဝင်ပေါက်၊ ထွက်ပေါက်နေရာများ၊ တံခါးလက်ရန်းများ နေရာအနှံ့ ပိုးသတ်ဆေးများ စနစ်တကျ ပက်ဖျန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြောင်းရွှေ့ဖွင့်လှစ်ပေးသည့် ယာယီပျံကျဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်လာပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာနိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်း၊ လက်ဆေးရန်အတွက် လက်ဆေးဘေစင်များ စီစဉ်ထားရှိပေးခြင်းနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်းများ စဉ်ဆက်မပြတ် ကွင်းဆင်းပညာပေး ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မဏိစည်သူဈေး တာဝန်ခံ ဦးအောင်ကျော်မြင့်၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


