ညောင်ဦး ၂၈ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကူးစက် ပြန့်ပွားမှု မရှိစေရေး ယာယီပျံကျဈေးအဖြစ် ပြောင်းရွေ့ဖွင့်လှစ်ထားရှိသည့် ပြည်သူ့အားကစားကွင်းနှင့် ရွှေစည်းခုံဘုရား ပွဲဈေးတန်းကွင်းပြင်အား သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေး အဖွဲ့ချုပ် ပရဟိတအသင်းများမှ ယမန်နေ့ ညနေ ၅ နာရီအချိန်က ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းနေရာသို့ ခရိုင်/မြို့နယ် ဌာနပေါင်းစုံမှ တာဝန်ရှိသူများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သားများ လာရောက်ပြီး ဝန်းရံကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့ပြင် ညောင်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဘုရားစေတီပုထိုးများနှင့် သာသနာနိက အဆောက်အအုံများ၊ ရပ်ကွက်များအတွင်းရှိ လမ်းများ၊ လူစည်းကားရာနေရာများတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ် ပရဟိတအသင်းများမှ ဦးခိုင်လင်းမောင်က ပြောပြ၍ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


