ညောင်ဦး ၃ ဇန်နဝါရီ

 

၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန်ပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့တွင် ယနေ့နံနက် ၇ နာရီမှ စတင်ကျင်းပခဲ့သည်။

 

ပထမဦးစွာ မီနီမာရသွန်ပြိုင်ပွဲကို ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားတောင်ဘက်ကွင်းပြင်တွင် ကျင်းပရာ ပြည်တွင်း/ပြည်ပ အားကစားဝါသနာရှင်စုစုပေါင်း ၆၁ ပါဝင်ယှဉ်ပြိုင်ကြသည်။

 

25

 

ပြိုင်ပွဲကို ၅ ကီလိုမီတာ(မီနီမာရသွန်) ဖြင့် အမျိုးသမီး/အမျိုးသား နှစ်စုခွဲကာ အာနန္ဒာဘုရား-ဓမ္မရံကြီး-ဂူနီညီအစ်မ-ရွှေဆံတော်-မြင်းပြဂူ-မီးမလောင်ကျောင်းတိုက်-သဗ္ဗေညု-သရပါဂိတ် ပြေးလမ်းအတိုင်း ယှဉ်ပြိုင်ပြီး အာနန္ဒာဘုရားသို့ ပြန်လည်ပန်းဝင်ကြသည်။

 

၅ ကီလိုမီတာ မီနီမာရသွန်အမျိုးသားပြိုင်ပွဲတွင် ဦးညိုလုံးမှ ပထမ၊ ဦးနေလင်းထွန်းမှ ဒုတိယနှင့် မောင်ကျော်မျိုးနိုင်မှ တတိယဆုများကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် မနှင်းအိခိုင်မှ ပထမ၊ ဒေါ်ဖြူဖြူသန်းမှ ဒုတိယနှင့် မတုံတုံမှ တတိယဆုများ အသီးသီးရရှိခဲ့ကြပြီး ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားများ ချီးမြှင့်ကာ ပန်းဝင်သည့် ပြိုင်ပွဲဝင် ၅၀ ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးသည်။

 

ထို့နောက်  ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို ညောင်ဦးမြို့မအားကစားကွင်းတွင် ဆက်လက် ကျင်းပလျက် ရှိကြောင်း သိရသည်။

 

ဖေလိန်း(ပုဂံ)