ညောင်ဦး ၁၇ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့အဝင် ဘုရားနီ ဘုရားလမ်းဆုံအနီးတွင် ယနေ့ မွန်းလွဲ ၁ နာရီက ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အား ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁ နာရီက ညောင်ဦး - ကျောက်ပန်းတောင်းသွား ကားလမ်း ညောင်ဦးမြို့အဝင် ဘုရားနီဘုရားလမ်းဆုံအနီးတွင် ဆီဘောင်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်အား ဝင်ရောက်တိုက်မှု ဖြစ်ပွားကြောင်း သိရ၍ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးသက်နိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး ပူးပေါင်းအဖွဲ့က မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးတို့ဖြင့် အသိသက်သေများနှင့်အတူ အခင်းဖြစ်နေရာအား သွားရောက်စုံစမ်းစစ်ဆေးရာ ယာဉ်မောင်း ကိုသန်းထွန်းလေး မောင်းနှင်သော ယာဉ်အမှတ် YGN / 1C – ----- အပြာရောင် မြဝတီစက်သုံးဆီတင် ဘောက်ဆာယာဉ်သည် ညောင်ဦးမှ ကျောက်ပန်းတောင်းသို့ မောင်းနှင်လာစဉ် ညောင်ဦးမြို့အဝင် ဘုရားနီဘုရားလမ်းဆုံ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း အုတ်ခုံအား ကျော်တက်ကာ လမ်းဘေးအနီးရှိ အမှတ်(၃)အောင်သပြေရပ်ကွက်မှ ယွန်းမြို့မင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်အား ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် ဆိုင်အတွင်းမှပစ္စည်းများ ပျက်စီးသွားခဲ့ကြောင်းနှင့် ယာဉ်မောင်း ကိုသန်းထွန်းလေးနှင့် ယာဉ်နောက်လိုက် ကိုနေမျိုးထွန်းတို့တွင် အနည်းငယ်ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တို့ရရှိသဖြင့် မြို့ပေါ်ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များက ဆေးဝါးကုသမှုခံယူရန် ညောင်ဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဈေးဆိုင်ခန်းနှင့် ပစ္စည်းများ ထိခိုက်ပျက်စီးအောင် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကိုသန်းထွန်းလေးအား ယွန်းမြို့မင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်ရှင် ဦးဟန်တင့်က တရားလိုပြုလုပ်တိုင်းတန်းသဖြင့် ညောင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)