ညောင်ဦး စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့တွင်း မိန်းလမ်းမပေါ်နှင့် ရပ်ကွက်အချို့ရှိ လူနေအိမ်အဆောက်အဦများပေါ် သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ကာ လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ဦးမြို့ အမှတ်(၁)ရပ်ကွက် သာယာဝတီအလယ်ပိုင်း မီးပွိုင့်လမ်းဆုံအနီး မိန်းလမ်းမပေါ်တွင် လုံးပတ် ၁၃ ပေ၊ အမြင့် ၃၅ ပေရှိ သက်တမ်းရင့်တမာပင် လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် လျှပ်စစ်မီးကြိုးများနှင့် ဓာတ်အားလိုင်းတိုင် (၄)တိုင်ခန့် ယိုင်လဲပျက်စီးခဲ့ကြောင်း၊ ယင်းရပ်ကွက်ရှိ ဦးရဲမောင်ဦး၏ နေအိမ်ပေါ်သို့ လုံးပတ်နှစ်ပေပတ်လည် အမြင့် ၃၀ ပေရှိ ကန္တာရပင် ပြိုလဲကျပြီး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အလားတူ အမှတ်(၁) သီရိမင်္ဂလာရပ်ကွက်ရှိ ဒေါ်တင်မြိုင်၏ နေအိမ် ရေတိုက်စားမှုကြောင့် ပြိုလဲပျက်စီးခဲ့ပြီး အမှတ်(၃) ငှက်ပစ်တောင်ရပ်ကွက်ရှိ OK ပဲကြော်လုပ်ငန်းပိုင်ရှင် ဦးကျော်ညွန့်၏ မီးဖိုချောင်ပေါ်သို့ လုံးပတ် သုံးပေခန့်၊ အမြင့် ၃၅ ပေခန့်ရှိ ထနောင်းပင်လဲကျ၍ အဆောက်အဦ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော ခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ချက်ချင်းသွားရောက်၍ လဲကျနေသော သစ်ပင်သစ်ကိုင်းများကို စနစ်တကျ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


