ညောင်ဦး ၁၄ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်တွင် အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းက မိုးသည်း ထန်စွာ ရွာသွန်းခဲ့မှုကြောင့် ညောင်ဦးမြို့၊ အမှတ်(၂)ဆန်တန်းရပ်ကွက်နေ ဦးမြင့်ဇော် ၏ ပေ(၃၀) ပတ်လည် တစ်ထပ် လူနေအိမ်ပေါ်သို့ ကုက္ကိုပင် ပြိုလဲကျပြီး လူနေအိမ် ထိခိုက်ပျက်စီးသွားသဖြင့် ယမန်နေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ အိမ်တိုင်ရာရောက် လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ ညောင်ဦးမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လူနေအိမ် ပြန်လည်ဆောက် လုပ်ရန်အတွင် ထောက်ပံ့ငွေကျပ် တစ်သိန်း ၊ မိသားစုဝင် (၄)ဦးအတွက် တစ်ပတ်စာ စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၈၄၀ဝ ၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တို့ကို လာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လူနေအိမ်ပေါ် သစ်ပင်ပြိုလဲကျမှုများကို ခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများ စုပေါင်းအဖွဲ့က လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် သစ်ပင်ပြိုလဲကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


