ညောင်ဦးမြို့နယ် အရာတော်ကျေးရွာတွင် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်း အကြောင်း ပညာပေးဟောပြော

ညောင်ဦး  ၂၈   စက်တင်ဘာ    

 

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၃)ကြိမ်မြောက် ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် တောင်ဘီလေးကျေးရွာအုပ်စု ၊ အရာတော်ကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ညောင်ဦးမြို့နယ် အရာတော်ကျေးရွာရှိ ဒေသခံရပ်မိရပ်ဖ ၃၀ ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း က နိုင်ငံတစ်ဝန်း ခွေးရူးရောဂါဖြစ်ပွားမှုများ လျော့နည်းကျဆင်းရေးအတွက် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးမှုအခြေအနေများ၊ ခွေးရူးရောဂါသည် ကုရန်ဆေးမရှိသည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရန်လိုအပ်ပါကြောင်း ၊ ခွေးရူးရောဂါပိုးသည် ကူးစက်ပျံ့နှံ့သည့် ရောဂါပိုးတစ်မျိုးဖြစ်သည့်အတွက် အခြားသော လူနှင့် တိရစ္ဆာန်များကို မကူးစက် စေရေး မိမိတို့ ဌာနအနေဖြင့် ခွေးရူးရောဂါကင်းစင်ပပျောက်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပညာပေးဆွေးနွေး ဟောပြောသည်။ ထို့နောက် ဒေသခံပြည်သူများက ခွေးရူး ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို မေးမြန်းရာ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း က ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး ဝန်ထမ်းများက ခွေးရူးရောဂါကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးခဲ့သည်။

 

ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ခွေးရူးရောဂါဖြစ်ပွားမှု လျော့နည်း ပပျောက်စေရန်ရည်ရွယ်၍ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ ၊ Four Paw International အဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၂၀ အား ၂၀၁၇ ခုနှစ်မှ စတင်ကာ ၂၀၁၉ နှစ်အထိ (၃)နှစ်စီမံချက် ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၂၀၁၇ ခုနှစ်တွင် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့သည့် ခွေးနှင့် ကြောင် အကောင်ရေ စုစုပေါင်း ၁၈၅၀ဝ ထိုးနှံပေးနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အိမ်မွေးခွေးနှင့် ခွေးလေခွေးလွင့် အကောင်ရေ စုစုပေါင်း ၂၀ဝ၀ဝ ကျော် ထိုးနှံပေးနိုင်ခဲ့ကြောင်း ၊ ယခု ၂၀၁၉ ခုနှစ်တွင်လည်း မြို့နယ်အတွင်း ခွေးရူးကာကွယ်ဆေးများ ထိုးနှံသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း က ပြောပြသည်။ 

 

 

 ရဲဝင်းနိုင် ( ညောင်ဦး )