ညောင်ဦး ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဂျိုးကန်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ထမင်းအိုးချက်ပြုတ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၆ လုံး မီးလောင်ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ဂျိုးကန်ကျေးရွာနေ ဒေါ်စန်းမြင့်လှိုင်၏ (၁၆)ပေပတ်လည်ရှိ ထန်းရွက်မိုး၊ ထရံကာ မြေစိုက်လူနေအိမ်တွင် ထမင်းအိုးချက်ပြုတ်ခဲ့ရာမှ နေအိမ်အကာအား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုအား ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူနှင့် ခရိုင်/မြို့နယ် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၄ စီး၊ ပုဂံနှင့် စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖြူစင်မေတ္တာနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းမှ ရေသယ်ယာဉ်တစ်စီး၊ ညောင်ဦးမြို့ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ပြီး လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် (၁၆)ပေပတ်လည် ထန်းရွက်မိုး၊ ထရံကာ မြေစိုက်လူနေအိမ် (၃)လုံး၊ (၁၆) ပေ ပတ်လည် သွပ်မိုး၊ ဝါးထရံကာ မြေစိုက်လူနေအိမ် (၁)လုံး၊ (၂၄)ပေပတ်လည် သွပ်မိုး၊ ဝါးထရံကာနှစ်ထပ် လူနေအိမ် (၁၁)လုံး၊ (၁၆)ပေပတ်လည် သွပ်မိုး၊ ဝါးထရံကာနှစ်ထပ် လူနေအိမ် (၁)လုံး စုစုပေါင်း လူနေအိမ် (၁၆)လုံးနှင့် အိမ်တွင်းပစ္စည်းအချို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စေခဲ့သူ ကျေးရွာနေသူ ဒေါ်စန်းမြင့်လှိုင်အား ပုဂံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)