ညောင်ဦးမြို့နယ် ဟင်းခွက်အိုင်ကျေးရွာတွင် ကျေးရွာနေပြည်သူများ ကိုယ်အားကိုယ်ကိုး ဆောက်လုပ်ပြီးစီးသည့် ကျေးရွာချင်းဆက် ရေကျော်ချောင်းကူးတံတား ဖွင့်ပွဲကျင်းပ

ညောင်ဦး   ၂    ဒီဇင်ဘာ      


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဒါန်းကျေးရွာအုပ်စု၊ ဟင်းခွက်အိုင်ကျေးရွာမှ ဒေသခံပြည်သူများနှင့် စေတနာအလှူရှင်များ ထည့်ဝင်လှူဒါန်းငွေဖြင့် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ပြီးစီးသည့် ဒါန်းကျေးရွာနှင့် ဟင်းခွက် အိုင် ကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်ရေကျော်တံတား ဖွင့်ပွဲကို ဒီဇင်ဘာ ၁ ရက်၊ ယနေ့ နံနက် ၉ နာရီက အဆိုပါ တည်ဆောက်ပြီးစီးသည့် တံတားအနီး ယာယီမဏ္ဍပ်တွင် ကျင်းပရာ တံတားဖြစ်မြောက်ရေးအဖွဲ့နာယက ဟင်းခွက်အိုင်ကျေးရွာ သာသနရက္ခိတကျောင်းတိုက်ဆရာတော် ဦးအာနန္ဒာ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်နှင့် အလှူရှင်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ 


ထို့နောက် ယာယီမဏ္ဍပ်တွင် အခမ်းအနားကိုကျင်းပရာ တံတားဖြစ်မြောက်ရေးအဖွဲ့နာယက ဟင်းခွက်အိုင်ကျေးရွာ သာသနရက္ခိတကျောင်းတိုက်ဆရာတော် ဦးအာနန္ဒာက ဒေသခံကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရေကျော်တံတားတည်ဆောက်ခဲ့မှုများနှင့် ပက်သက်ပြီး ရှင်းလင်းမိန့်ကြားပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ကျေးရွာနေပြည်သူများ၏ စည်းလုံးမှုအင်အားဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် ကျေးရွာချင်းဆက် ရေကျော်တံတားအား  ကိုယ့်ထူကိုယ်ထ အောင်မြင်စွာ တည်ဆောက်နိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်းနှင့် တည်ဆောက် ပြီးစီးသည့် ရေကျော်တံတားအား ရေရှည်သွားလာအသုံးပြုနိုင်ရေး မပျက်စီးအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် ဆွေးနွေးပြောကြားသည်။ 


ယင်းနောက် ဟင်းခွက်အိုင်ကျေးရွာ(ရွာခွဲတာဝန်ခံ) ဦးရွှေသောင်း က ရေကျော်တံတား တည်ဆောက်ပြီးစီးမှုနှင့် စပ်လျဉ်းပြီး ကုန်ကျစရိတ်ငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ 


ယခု ကိုယ်ထူကိုယ်ထ တည်ဆောက်ပြီးစီးသည့် ဟင်းခွက်အိုင်ကျေးရွာနှင့် ဒါန်းကျေးရွာကြားရှိ ကျေးရွာချင်းဆက် ရေကျော်တံတား(စည်းလုံးညီညွတ်ခြင်းတံတား)သည် အရှည်ပေ ရေလမ်းအကျယ် ၈ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေ၊ အမြင့် ၅ ပေ အာရ်စီတံတားအမျိုးအစားဖြစ်ပြီး စုစုပေါင်း ငွေကျပ် ၁၁၅ သိန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ကျေးရွာချင်းဆက်ရေကျော်တံတား တည်ဆောက်ပြီးစီးသွားသဖြင့် ဟင်းခွက်အိုင်ကျေးရွာနှင့် ဒါန်း ကျေးရွာတို့မှ အိမ်ခြေ(၅၀၀)ခန့်ရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်ထံမှ သိရသည်။ 


ရဲဝင်းနိုင် ( ညောင်ဦး )