ညောင်ဦး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု ၊ ကန်နီကြီးတဲတိုက်တွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ဒေသခံပြည်သူများ သောက်သုံးရေအတွက် မှီခိုအာထားရနေရသည့် မြေသားမိုးရေလှောင် ကန်အတွင်း မိုးရေဝင်ရောက်မှုများခြင်းကြောင့် သောက်သုံးရေ ဖူလုံစွာသုံးစွဲခွင့်ရရှိသဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း အဆိုပါ ကန်နီကြီးတဲတိုက်ရှိ ဒေသခံပြည်သူများထံက သိရသည်။
“ကျွန်တော်တို့ ညောင်ဦးမြို့နယ်မှာ ယခုရက်ပိုင်း မိုးရွာသွန်းမှုကောင်းမွန်ပြီး ကျေးရွာတွေမှာရှိတဲ့ သောက်သုံးရေ ကန်တွေမှာ မိုးရေဝင်ရောက်မှုများ ရှိနေပါတယ်။ ကျွန်တော်တို့ ကျေးလက်နေပြည်သူတွေဟာ ယခုလို မိုးရာသီကာလမှာ သောက်သုံးရေကန်တွေကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရတာဖြစ်ပါတယ်။ ခုလို မိုးရွာသွန်းမှုကောင်းနေရင် သောက်သုံးရေအတွက် စိတ်အေးရပါတယ်။ သောက်သုံးရေကန်တွေ ရေကုန်ခန်းတဲ့အချိန်ဆိုရင် (၂)မိုင်လောက် ဝေးတဲ့ ကကျဲကျေးရွာက စက်ရေတွင်းကို သွားပြီးတော့ သောက်သုံးရေ ဝယ်ယူသုံးစွဲရပါတယ်။ နောက်ပြီး မိုးကောင်းမှလဲ ကျွန်တော်တို့ တောင်သူတွေဟာ သီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းတာဖြစ်လို့ မိုးရွာသွန်းမှု မကောင်းတဲ့နှစ်တွေဆိုရင် သီးနှံဝင်ငွေမကောင်းတော့ စီးပွားရေး အကျပ်အတည်း ဖြစ်ရပါတယ်။ ဒီနှစ်တော့ မိုးရွာသွန်းမှုကောင်းနေတဲ့အတွက် စိုက်ပျိုးထားတဲ့ မြေပဲ ၊ ပဲစင်းငုံ ၊ ပဲတီစိမ်း အစရှိတဲ့ သီးနှံစိုက်ခင်းတွေ အောင်ဖြစ်ထွန်းမှုရှိပါတယ်” ဟု အဆိုပါ ကန်နီကြီးတဲတိုက်မှ ဒေသခံပြည်သူ ဦးမောင်စိုး က ပြောသည်။
ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု ၊ ကန်နီကြီးတဲတိုက်တွင် အိမ်ခြေ ၄၃ အိမ် ၊ လူဦးရေ ၂၀၀ ကျော်ခန့် ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြကြောင်းနှင့် နွား ၊ ဆိတ် ၊ ဝက် တိရစ္ဆာန်ကောင်ရေ ၂၀၀ ခန့် ရှိကြောင်း သိရပြီး ယခုရက်ပိုင်း မိုးရွာသွန်းမှုကောင်းမွန်၍ သောက်သုံးရေအတွက် မှီခိုအားထားရသော မြေသားမိုးရေလှောင်ကန်မှာ မိုးရေများ ဝင်ရောက်မှုများနေ၍ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


