ညောင်ဦး ၂၃ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နိုဝင်ဘာ ၂၂ ရက်၊ နံနက် ၈ နာရီက တစ်မြို့နယ်တစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် ကံပေါက်ကျေးရွာတွင် မိုးနှောင်းချည်မျှင်ရှည် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား တောင်သူပညာပေး မျိုးရွေးချယ်ခြင်း၊ စံကွက်ရိတ်သိမ်းခြင်းနှင့် မိုးစပါးစိုက်နည်းစမ်းသပ်ကွက် အပင်ဖြစ်ထွန်းမှု ကွင်းသရုပ်ပြသခြင်းကို အဆိုပါကျေးရွာရှိ တောင်သူ ဦးမောင်စိုး၏ ကွင်းအမှတ်(၁၅၆၅)၊ ဦးပိုင်အမှတ် (၂၈/၂)နှင့် တောင်သူ ဦးချိန်၏ ဦးပိုင်အမှတ်(၇၇)ရှိ လယ်မြေတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်သူပညာပေး ကွင်းသရုပ်ပြပွဲတွင် ရှေးဦးစွာ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်သီးနှံ ပိုးမွှားတာဝန်ခံ ဒေါ်ခင်သန်းမြင့် က ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သီးနှံများ စိုက်ပျိုးရာတွင် ရောဂါပိုးမွှား ကျရောက်မှု လျော့နည်းသက်သာရေး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ သီးနှံအရည်အသွေး ကောင်းမွန်ရေး ဓာတုဆေးဝါး သုံးစွဲမှု လျော့ချရေး၊ တစ်ပိုင်တစ်နိုင် သဘာဝ ပိုးသတ်ဆေး ပြုလုပ်သုံးစွဲပုံနည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ၎င်းနောက် ဦးစီးအရာရှိ ဒေါ်မင်းမင်းသွင် က ဝါသီးနှံ စိုက်ပျိုးနည်းစနစ်များနှင့် လိုက်နာရမည့်ဆောင်ရန်ရှောင်ရန်များကို လည်းကောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝေ က မြေဆီလွှာပျက်စီးမှု လျော့နည်းစေရန် ဘိုကာရှီ သဘာဝမြေဆီမြေဆွေး ပြုလုပ်သုံးစွဲရေး၊ သီးနှံအောင်မြင် ဖြစ်ထွန်းရေး မြေဆီအချဉ်အငန်ဓာတ် တိုင်းတာစစ်ဆေးနည်း စနစ်များနှင့် မြေဆီလွှာကောင်းမွန်ရေး ဆောင်ရန်ရှောင်ရန်များကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးမျိုးထက်ထန် က ဝါသီးနှံတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းစနစ်များ၊ စပါးစိုက်နည်းစနစ်(၄)မျိုးတို့ကို လည်းကောင်း အသီးသီး ဆွေးနွေးဟောပြော ခဲ့ကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ညောင်ဦးမြို့နယ် ကံပေါက်ကျေးရွာ တောင်သူ ဦးမောင်စိုး၏ ငွေချည် - ၆၊ ငွေချည် - ၉၊ ရွှေတောင် - ၈ ဝါသီးနှံ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် မိုးစပါး စံပြကွက်အတွင်း မျိုးတစ်မျိုးချင်းအလိုက် တောင်သူပညာပေး ရှင်းလင်းဆွေးနွေးပြီး စံကွက်ရိတ်သိမ်း ကြရာ တက်ရောက်လာသည့် ဒေသခံတောင်သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုကြပြီး ဒေသနှင့် ကိုက်ညီသော ဝါသီးနှံနှင့် စပါးသီးနှံမျိုးများ စိုက်ပျိုးနိုင်ရေးအတွက် ရွေးချယ်ခဲ့ ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြား ပေးခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအဖွဲ့က တောင်သူ ဦးချိန်၏ မိုးစပါး(ဆင်းသုခ)စံပြကွက် တစ်ဧကအား ဒေသခံတောင်သူများနှင့်အတူ တောင်သူပညာပေး စံကွက်ရိတ်သိမ်းကြရာ တစ်ဧက စပါး(အစို) ၈၇ ဒသမ ဝ၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးသီးနှံ တစ်ဧက စံကွက်ရိတ်သိမ်းခြင်းကို (ကောင်း၊ သင့်၊ ညံ့) တိုင်းတာခြင်း စနစ်ဖြင့် စံပြကွက်(၃)ကွက်အား တောင်သူပညာပေး ရိတ်သိမ်းဆောင်ရွက် သွားမည်ဖြစ်ရာ ယခုစံကွက်ရိတ်သိမ်းရာ၌ စံကွက်အဆင့် (သင့်)အဆင့် ထွက်ရှိကြောင်း သိရပြီး အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကံပေါက်ကျေးရွာအပါအဝင် ကျေးရွာ(၄)ရွာမှ ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ၊ စုစုပေါင်း ၁၂၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး


