ညောင်ဦး ၁၈ မတ်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကန်တိမ်ကျေးရွာရှိ ဒေသခံပြည်သူများ နှစ်စဉ် သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရကြောင်း သိရသဖြင့် ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်း တူးဖော်ဆောင်ရွက်ပေးနေကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

ညောင်ဦးမြို့နယ် ကန်တိမ်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး နှစ်စဉ် နွေရာသီအချိန်များတွင် သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရလေ့ရှိကြောင်း သိရသည်။

 

ယခုနှစ်တွင် အဆိုပါ ကန်တိမ်ကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်သွားရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ဌာန၏ ခွင့်ပြု ရန်ပုံငွေကျပ် ၃၄ ဒသမ ၂ သန်း ဖြင့် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လေးလက်မ အဝီစိစက်ရေတွင်း တူးဖော်ခြင်း၊ အကျယ်အဝန်း (၁၀ ပေ × ၈ ပေ × ၈ ပေ ) ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ဂါလန် ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းကို ယခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က  စတင်ပြီး တူးဖော်ဆောင်ရွက်ပေးနေကြောင်း သိရပြီး ကျေးရွာနေပြည်သူများ သောက်သုံးရေ ရယူသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား အမြန်ဆုံး ပြီးစီးနိုင်ရေး မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်း အဝီစိစက်ရေတွင်း တူးဖော်ပြီးစီးပါက ညောင်ဦးမြို့နယ် ကန်တိမ်ကျေးရွာရှိ အိမ်ခြေ ၂၃၃ အိမ်မှ လူဦးရေ ၁၀ဝ၂ ဦး နှင့် ကျေးရွာနေပြည်သူများ မွေးမြူထားရှိသည့် ကျွဲနွား တိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့် ရရှိစေမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း  ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းက ပြောသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn