ညောင်ဦး ၁၀ မတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိ ကျေးလက်တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်မှုကို GAP စနစ်နှင့် ကျင့်သုံးစိုက်ပျိုးခြင်း အော်ဂဲနစ်နည်းပညာများကို ဖြန့်ဝေခြင်း၊ ဓာတ်မြေသြဇာ သုံးစွဲမှုများပြားခြင်းကြောင့် လူတို့တွင် အန္တရာယ်ပေးနိုင်သော အကြောင်း အရာများကို ဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက ကုန်းတန်းကြီးကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လောကနတ်မြန်မာကုမ္ပဏီ စိုက်ပျိုးရေးအကြံပေး ပညာရှင်ဦးစန်းငွေက တောင်သူများ စိုက်ပျိုးရာတွင် မိမိတို့ စိုက်ပျိုးထားသော သီးနှံများ အန္တရာယ်ကင်း ရှင်းစေသော စိုက်ပျိုးနည်းစနစ်များ၊ ဂျပန်နိုင်ငံမှရေညှိကို အခြေခံပြုလုပ်ထားသော ဇီဝမြေဆီကို သုံးစွဲပေးရန်နှင့် သုံးစွဲသည့် တောင်သူ တိုင်းအား နိုင်ငံတော်အဆင့် စိုက်ပျိုးရေးဝန်ကြီးများနှင့် ပူးပေါင်း၍ GAP တံဆိပ်ကပ်နှိပ်ပြီး ဂျပန်နိုင်ငံသို့ တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော တောင်သူများက မရှင်းလင်းသည့်အချက်များနှင့် သုံးစွဲနည်း များကို မေးမြန်းခဲ့ရာ ကုမ္မဏီစိုက်ပျိုးရေးအကြံပေးပညာရှင် ဦးစန်းငွေက ပြန်လည် ဖြေကြားပေးခဲ့ သည်။
ထို့နောက် နွားထိုးကြီး၊ မလှိုင်၊ မကွေး၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ ရေစကြို၊ မြို့နယ်များမှ အော်ဂဲနစ်ဆေးသုံးစွဲမှုဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် သစ်သီးဝလံပြခန်းများသို့ တက်ရောက် လာသောတောင်သူ ၃၀ဝ ကျော်မှ လေ့လာကြောင်း သိရသည်။
ကျော်ဌေး(ညောင်ဦး)
