ညောင်ဦး၊  ၁၇   ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကူရွာကျေးရွာတွင် စက်ရေတွင်း ချွတ်ယွင်းပျက်စီးနေသဖြင့် ဒေသခံ ပြည်သူများ သောက်သုံးရေ အခက်ကြုံတွေ့နေရကြောင်း သိရ၍ ဇွန် ၁၇ ရက်၊ ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတရေလှူအဖွဲ့က အလှူရှင်ကိုယ်စား သွားရောက်ပြီး ချို့ယွင်း ပျက်စီးနေသည့် စက်ရေတွင်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ညောင်ဦးမြို့နယ် ကူရွာကျေးရွာသည် အိမ်ခြေ ၂၆၀ ၊ လူဦးရေ ၁၀၀၀ ကျော်ခန့်ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြပြီး နှစ်စဉ် သောက်သုံးရေအတွက် ကျေးရွာရှိ စက်ရေတွင်းအား မှီခိုအားထားပြုနေရကြောင်း သိရသည်။ 

သောက်သုံးရေအတွက် မှီခိုအားထားရသည့် စက်ရေတွင်းမှာ ချွတ်ယွင်းပျက်စီးသွားသဖြင့် ဒေသခံပြည်သူများက သောက်သုံးရေအခက်ကြုံတွေ့နေရသဖြင့် ပြန်လည်ပြုပြင်ပေးမည့် အလှူရှင်အား ချိတ်ဆက်ဆောင်ရွက်ပေးရန် ညောင်ဦးမြို့နယ်မြင်းကပါကျေးရွာနေ ဦးဝင်းမင်းထွန်းအား အကူအညီ တောင်းခံခဲ့သဖြင့် အလှူရှင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ ဦးတင်လှ မိသားတစ်စုက ကူရွာကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်စေရေးအတွက် ငွေအကုန်အကျခံ၍ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခဲခြင်း ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

mdn