ညောင်ဦး   ၁၀ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာတွင် စိုက်ပျိုးထားသည့် မိုးမြေပဲ(GAP) ဧက ၅၀ စိုက်ခင်းအား ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင် GAP Inspector Team အဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မင်းမင်းသွင်၊ ခရိုင်( မြေ ၊ မျိုး ၊ ပိုး ) တာဝန်ခံများနှင့် ပူးပေါင်းအဖွဲ့ဝင်များက လက်ဝဲကျေးရွာရှိ တောင်သူ (၁၇)ဦး၏ (Food Safety Project)ဖြင့် စိုက်ပျိုးထားရှိသော မိုးမြေပဲ(GAP) ဧက ၅၀ စိုက်ခင်းအတွင်း ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းစိတ်ချမှုရှိစေရန်အတွက် စီမံကိန်းတွင်ပါဝင်သော မူဘောင်များနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ခင်းများအလိုက် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ (GAP)နည်းစနစ်များနှင့်အညီ သီးနှံအရည်အသွေး ကောင်းမွန်ရေးအတွက် စနစ်တကျ မှတ်တမ်းထိန်းသိမ်းထားရှိရမည့် အချက်များကို ဒေသခံ တောင်သူများ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်အတွင်း ပြည်သူများ အစားအစာ ဘေးကင်းစိတ်ချရေးစီမံကိန်း (Food Safety Project)ဖြင့် မိုးမြေပဲ (GAP) စနစ်စိုက်ပျိုးခြင်းကို ညောင်ဦးမြို့နယ်၌ ကျေးရွာပေါင်း (၁၃)ရွာ၊ ငါ့သရောက်မြို့၌ (၃)ရွာ စုစုပေါင်း ကျေးရွာ (၁၆)ရွာတွင် စိုက်ဧက စုစုပေါင်း ၂၇၁၇၃ ဧက လျာထားစိုက်ပျိုးထားရှိကြောင်း ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်မင်းမင်းသွင် ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)