ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးထားသည့် ပဲတီစိမ်းများ ဈေးကောင်းရရှိ

ညောင်ဦး   ဒီဇင်ဘာ  ၂၃

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေအသုံးပြု စိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချချိန် ပဲတီစိမ်းတစ်တင်း ကျပ် ၃၉၀၀၀ ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့်စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုကျေးရွာများသည် မြေအောက်ရေသွင်းစိုက်ပျိုးခြင်းဖြင့် အောက်တိုဘာလမှစတင်ကာ ပဲတီစိမ်းများ စတင်ကြဲပက်စိုက်ပျိုးခဲ့ကြောင်း၊ တစ်လခွဲခန့်အကြာတွင် ပဲတီစိမ်းစိုက်ခင်းများ အဖူး၊ အပွင့် စတင်ဖူးပွင့်ပြီး နှစ်လအကြာတွင် ပဲတီစိမ်းများ စတင်ဆွတ်ခူးရောင်းချကြကြောင်း၊ ပဲတီစိမ်းဆွတ်ခူးချိန်တွင် တစ်ဧကစိုက်ခင်းတစ်ခင်း ပဲတီစိမ်းဆွတ်ခူးရန် တစ်ကြိမ်လျှင် အယောက် ၂၀ လိုအပ်ကာ ပဲတီစိမ်းဆွတ်ခူးခ တစ်ဦးလျှင် တနေကုန် ကျပ် ၃၀၀၀ ပေးရကြောင်း၊ ပဲတီစိမ်းဆွတ်ခူးပြီး တစ်ရက်နေလှန်းကာ အစေ့ထုတ်ပီး ပခုက္ကူမြို့ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာ မြေအောက်ရေ အသုံးပြု နွေပဲတီစိမ်းစိုက်တောင်သူ ဦးဇော်ဝင်းက ရှင်းပြသည်။

 

ပဲတီစိမ်းတစ်တင်းတွင် ပိဿာချိန် ၁၉ ပိဿာရှိကာ တစ်တင်း ကျပ် ၃၉၀၀၀ နှုန်းရောင်းချရခြင်းကြောင့် မနှစ်က ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချရကာ တောင်သူများမျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်း သိရပြီး နွေပဲတီစိမ်းစိုက် တောင်သူများ ဈေးကောင်းရရှိခြင်းကြောင့် အဆင်ပြေနေကြကြောင်း ပဲတီစိမ်းစိုက် တောင်သူများထံက သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)