ညောင်ဦး နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ကွက်သစ်ရပ်ကွက်ရှိ ဝင်ငွေနည်းအိမ်ထောင်စုများနှင့် သက်ကြီးဘိုးဘွားများ စားဝတ်နေရေး အခက်အခဲ မဖြစ်စေရေးအတွက် နိုဝင်ဘာ ၃၀ ရက် ၊ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဝေမျှခြင်း ပရဟိတအဖွဲ့က ဆန် ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် အလှူရှင် ဝေမျှခြင်း ပရဟိတအဖွဲ့က ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ကွက်သစ်ရပ်ကွက်ရှိ ဝင်ငွေနည်းအိမ်ထောင်စု (၅၀) အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ ကြက်ဥ(၁၀)လုံးစီ ထောက်ပံ့လှူဒါန်းကာ သက်ကြီးဘိုးဘွား (၈)ဦးအား အဘိုးဘွားတစ်ဦးလျှင် ဆန်(၂)ပြည် ၊ နို့ဆီဘူး(၁)ဘူး ၊ မုန့်ခြောက် (၁) ထုပ်စီ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်မြို့၊ ဝေမျှခြင်း ပရဟိတအဖွဲ့အနေဖြင့် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဝင်ငွေနည်း အိမ်ထောင်စုများနှင့် သက်ကြီးဘိုးဘွားများအား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အခက်အခဲမဖြစ်စေရေးအတွက် ဆန် ၊ ဆီ ၊ ကြက်ဉ စားကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်းကို ဩဂုတ်လမှစပြီး တစ်လလျှင် အိမ်ထောင်စု(၅၀)နှုန်းဖြင့် လစဉ်ထောက်ပံ့လှူဒါန်းပေးနေကြောင်း အဆိုပါ ဝေမျှခြင်းပရဟိတအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းမင်းထွန်း ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )