ညောင်ဦး ၁၇ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး / ညောင်ဦးမြို့နယ် ပုဂံမြို့သစ် မင်းနန်သူကျေးရွာရှိ လေးမျက်နှာဘုန်းတော်ကြီးကျောင်းတွင် ယနေ့ မွန်းတည့် ၁၂ နာရီခွဲက ဥပုသ်သည်များနားနေရန် ဆောက်လုပ်ထားရှိသည့် ထန်းရွက်မိုး နားနေဆောင်ထုပ်တန်းတွင် သံငုတ်ဖြင့်ရစ်ပတ်ထားသော နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပုဂံနယ်မြေရဲစခန်းမှ သိရသည်။

ညောင်ဦးမြို့နယ် ပုဂံမြို့သစ် မင်းနန်သူကျေးရွာ မြောက်ဘက်ရှိ ဆရာတော် ဦးနန္ဒိယ သီတင်းသုံးနေထိုင်သည့် လေးမျက်နှာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဥပုသ်သည်များ နားနေရန်အတွက် ဆောက်လုပ်ထားရှိသော ထန်းရွက်မိုး နားနေဆောင်ထုပ်တန်းတွင် သံငုတ်ဖြင့်ရစ်ပတ်ထားသော နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး အနီးရှိ ဆရာတော် သီတင်းသုံးနေထိုင်သည့် နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်နှင့် ထန်းရွက်မိုး မြေစိုက်တဲတစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရပြီး အဆိုပါ မီးလောင်ကျွမ်းရာသို့ သက်ဆိုင်ရာ မီးသတ်တာဝန်ခံများ၊ ကျေးရွာနေပြည်သူ ၁၀ဝ ဦးကျော်ခန့် ပူးပေါင်းပါဝင်၍ ဝိုင်းဝန်း မီးငြှိမ်းသတ်ကြရာ ၁၂ နာရီ ၅၆ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရပြီး မီးလောင်မှုနှင့် ပတ်သက်၍ လျှပ်စစ်မီးအား ပေါ့ဆစွာ အသုံးပြုသူ ဆရာတော် ဦးနန္ဒိယ အား ပုဂံနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)
