ညောင်ဦး၊ ၉ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မှန်တောကျေးရွာတွင် အဝီစိစက်ရေတွင်း ချို့ယွင်းပျက်စီးသွားသဖြင့် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်ကြုံတွေ့နေကြောင်း သိရ၍ ဒီဇင်ဘာ ၉ ရက်၊ နံနက် ၈ နာရီက သောက်သုံးရေအလှူရှင် ရန်ကုန်မြို့နေ ဦးမောင်မောင်ညွန့် အင်ဂျင်နီယာချုပ်(ငြိမ်း)၊ တံတားဦးစီးဌာန မိသားစု၏ လှူဒါန်းမှုဖြင့် ညောင်ဦးမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဦးနှင့် ဝန်ထမ်းများအဖွဲ့က ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မှန်တောကျေးရွာသည် အိမ်ခြေ ၉၂ အိမ်၊ လူဦးရေ ၆၄၁ ဦး ရှိကြောင်း သိရပြီး ကျေးလက်နေ ပြည်သူများမှာ သောက်သုံးရေအတွက် ကျေးရွာရှိ အဝီစိစက်ရေတွင်းအား မှီခိုအားထားပြုနေရကြောင်း သိရသည်။ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက မှန်တောကျေးရွာတွင် အဝီစိစက်ရေတွင်း ချွတ်ယွင်းပျက်စီးသွားသဖြင့် ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း သိရ၍ သောက်သုံးရေအလှူရှင် ရန်ကုန်မြို့နေ ဦးမောင်မောင်ညွန့် အင်ဂျင်နီယာချုပ်(ငြိမ်း)၊ တံတားဦးစီးဌာန မိသားစုက လှူဒါန်းရာ ညောင်ဦးမြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဦးနှင့် ဝန်ထမ်းများအဖွဲ့က ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေဂါလန် ၁၈၀၀ အား အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် သောက်သုံးရေအခက်ကြုံတွေ့နေသည့် ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ ကွမ်းကြီး တဲတိုက်ရှိ အိမ်ခြေ ၅၄ အိမ်၊ လူဦးရေ ၂၀၀ ကျော်ကိုလည်း သောက်သုံးရေဖူလုံစေရေးအတွက် ရေဂါလန် ၁၈၀၀ အား သွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဦး ထံက သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)