ညောင်ဦး ၂၂ မတ်
ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာအပန်းဖြေဆင်စခန်း၌ လက်ဆေးဘေစင်များ စီစဉ်ဆောင်ရွက်ပေးထားကြောင်း အဆိုပါ အပန်းဖြေဆင်စခန်းမှ သိရသည်။
ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာ အပန်းဖြေဆင်စခန်းသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေ အနားယူကြလေ့ရှိပြီး ထိုသို့ လာရောက်အပန်းဖြေအနားယူကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မဖြစ်ပွားစေရေး လက်ကို မကြာခဏ ဆေးကြောသန့်စင်နိုင်ရန် ဆင်စခန်းဝန်းအတွင်း လက်ဆေးဘေစင်(၁၀)ခုနှင့် ကိုရိုနာဗိုင်းရပ်ရောဂါနှင့် ပက်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အသိပညာပေး နံရံကပ်ပိုစတာ (၁၀)ခုအား လူအများ မြင်သာသည့်နေရာများကို ရွေးချယ်၍ အသိပေးနှိုးဆော်ထားရှိပေးထားကြောင်း အဆိုပါ ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာအပန်းဖြေဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုထံမှ သိရသည်။
ယခုရက်ပိုင်းတော့ “ကျွန်တော်တို့ ပလင်းကမ်းသာယာအပန်းဖြေဆင်စခန်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ လာရောက်အပန်းဖြေသူ အရမ်းနည်းသွားပါတယ်။ အရင်က ကျွန်တော်တို့ ပလင်းကမ်းသာယာ အပန်းဖြေဆင်စခန်းနှင့်အတူ ဧရာဝတီမြစ်လယ် သဲသောင်ပြင်အပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိလို့ ပြည်တွင်းခရီးသွားဧည့်သည်တွေ အများအပြား လာရောက်အပန်းဖြေ ရေချိုးကြသူတွေနဲ့ အရမ်းကိုစည်ကားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းရောဂါနဲ့ ပက်သက်ပြီး ပြည်သူတွေ ကူးစက်မှုအန္တရာယ် ကင်းဝေးစေဖို့အတွက် နိုင်ငံတော်မှ လူစုလူဝေးတွေ မလုပ်ရဘူးဆိုပြီး ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတဲ့အတွက် မတ်လ ၁၉ ရက်နေ့က စပြီး ပလင်းကမ်းသာယာ ဧရာဝတီမြစ်လယ် သဲသောင်ပြင်အပန်းဖြေ ကမ်းခြေကို ပိတ်ထားတာဖြစ်လို့ ဒီရက်ပိုင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ အလာနည်းသွားပါတယ်။ ယခုလ ၂၀ ရက်နေ့ကစပြီး ကျွန်တော်တို့ အပန်းဖြေဆင်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆင်စခန်းကို လာရောက်တဲ့ခရီးသွားဧည့်သည်တွေ မကြာခဏ လက်ဆေးနိုင်အောင် ဆင်စခန်းဝန်းအတွင်း အများမြင်သာတဲ့နေရာတွေမှာ လက်ဆေးဘေစင်(၁၀)ခုကို စီစဉ်ထားရှိ ပေးထားပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ ပက်သက်ပြီး ပြည်သူတွေ သိရှိလိုက်နာဖို့အတွက် ထုတ်ပြန်ထားတဲ့ အသိပညာပေးနံရံကပ်ပိုစတာ (၁၀)ခုကိုလည်း အသိပေးနှိုးဆော်ထားရှိ ပေးထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


