ညောင်ဦး   နိုဝင်ဘာ    ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ် ထားရှိသော ပလင်းကမ်းသာယာဆင်စခန်းတွင် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပုဂံညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဆင်ချစ်သူများက တန်ဆောင်မုန်းလပြည့်နေ့အခါသမယ နေ့ထူးနေ့မြတ်အဖြစ် ကုသိုလ်ပြု ဆင်စာဘူဖေး လာရောက် ကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ (လက်ထောက်မန်နေဂျာ) ဦးမျိုးမင်းကိုထံမှ သိရသည်။ 

ပုဂံညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဆင်ချစ်သူ ပြည်သူများက တန်ဆောင်မုန်း လပြည့်နေ့ အခါသမယ ဆင်စခန်းရှိ ဆင်များအား ဖရဲသီး၊ သခွားသီး၊ ကြံ၊ အုန်းသီး၊ ပြောင်းဖူး၊ ဖရုံသီး၊ ငှက်ပျောသီးတို့ကို ကုသိုလ်ပြု ဆင်စာဘူဖေးလာရောက်ကျွေးမွေးကြပြီး ဆင်စခန်းရှိ ဆင်ပြတိုက်အား ဝင်ရောက်လေ့လာကြည့်ရှုကြသကဲ့သို့ ဆင်များနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြလျက်ရှိသည်။

အဆိုပါ ပလင်းကမ်းသာယာဆင်စခန်းတွင် ဆင်ကောင်ရေ ခုနစ်ကောင်ရှိပြီး ဆင်ချစ်သူများအနေဖြင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်အထိ ကျွေးမွေးလှူဒါန်းနိုင်ပြီး တစ်နေ့စာ ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက တစ်သိန်းကျပ်အထိ လှူဒါန်းနိုင်ကြောင်း ဆင်စခန်းတာဝန်ခံထံမှ သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)