ညောင်ဦး ၄  ဒီဇင်ဘာ    

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သဲပြင်တောကျေးရွာနေ ပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေးအတွက် ရန်ကုန်မြို့မှ အလှူရှင်တစ်ဦးက ၄ လက်မ စက်ရေတွင်း တစ်တွင်း လာရောက်တူးဖော် လှူဒါန်းပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် သဲပြင်တောကျေးရွာ ဒေသခံပြည်သူများထံမှ သိရသည်။

 

01

 

ညောင်ဦးမြို့နယ် သဲပြင်တော ကျေးရွာသည် အိမ်ခြေ ၂၀ဝ ကျော်ခန့်ရှိပြီး လူဦးရေ ၁၀ဝ၀ ကျော်ခန့် ရှိကာ ကျေးရွာနေ ပြည်သူများမှာ ယခုကဲ့သို့ မိုးကုန်ကာလတွင် သောက်သုံးရေ ရှားပါးမှု အခက်အခဲများ နှစ်စဉ်ကြုံတွေ့နေရသိရသည်။ ကျေးရွာနေ ပြည်သူများအနေဖြင့် စီးပွားရေး လုပ်ငန်းအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အားထား လုပ်ကိုင်ကြ ကြောင်း သိရသည်။

 

ယခုနှစ်တွင် အဆိုပါ သဲပြင်တောကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရန်ကုန်မြို့မှ ဦးဟန်မင်းရှိန် မိသားစုက (၄) လက်မ စက်ရေတွင်းနှင့် အကျယ်အဝန်း (၁၀ ပေ × ၈ ပေ × ၈ ပေ ) ရှိ ရေစက်ရုံ တည်ဆောက်ခြင်းအား အကုန်အကျခံ တူးဖော်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအတွက် လိုအပ်သည့် တွင်းတူးစက်နှင့် အခြားစပ်ဆက် ပစ္စည်းများကို  ညောင်ဦးမြို့နယ် အပူပိုင်းဒေသ ကျေးလက်ရေရရှိရေးစီမံကိန်း (JICA) ရုံးမှ ပံ့ပိုးကူညီ၍ တူးဖော်ပေးခြင်းဖြစ်ပြီး ယခုလက်ရှိတွင် မြေအောက် အနက်ပေ ၇၂၀ ရှိ (၄)လက်မ စက်ရေတွင်းအား အောင်မြင်စွာ တူးဖော်ပြီးစီးသွားပြီးဖြစ်ကြောင်း၊  ကျန်ရှိသည့် ဆက်စပ် လုပ်ငန်းများဖြစ်သည့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

05

 

ညောင်ဦးမြို့နယ် သဲပြင်တောကျေးရွာနေအဖြင့် မကြာမီအချိန်တွင် အလှူရှင်မှ တူးဖော် လှူဒါန်းပေးသည့် (၄) လက်မ စက်ရေ တွင်း တူးဖော်ခြင်းလုပ်ငန်းမှာ ပြီးစီးတော့မှာဖြစ်ပြီး တစ်နာရီလျှင် ရေဂါလန် ၂၅၀ဝ ထွက်ရှိမည်ဖြစ်ကာ ဒေသခံပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)