ညောင်ဦး ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု၊ ခွေးပြုတ်ကျေးရွာ၊ သပြေကန်တဲတိုက်သို့ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဝေမျှခြင်း ပရဟိတအဖွဲ့က သောက်သုံးရေဂါလန် ၁၆၀၀ လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း တာဝန်ရှိသူ ဦးဝင်းမင်းထွန်းထံမှ သိရသည်။
အဆိုပါ ခွေးပြုတ်ကျေးရွာ၊ သပြေကန်တဲတိုက်သည် အိမ်ခြေ ၄၇ အိမ်၊ လူဦးရေ ၂၀၀ ကျော်နေထိုင်သည့် တဲတိုက်ဖြစ်ကာ စက်ရေတွင်းမရှိကြောင်း သိရသည်။ ညောင်ဦး မြို့နယ်တွင် တဲတိုက်ပေါင်း ၈၀ ကျော်ရှိပြီး အလှူရှင်များ လှူဒါန်းသည့် သောက်သုံးရေကိုသာ မှီခိုအားထားနေရကြောင်း၊ မြေသားမိုးရေ လှောင်ကန်များ ရေဝင်ရောက်ပါက ထိုကန်များမှ ရေကို သုံးစွဲကြပြီး မိုးခေါင်သည့်နှစ်များတွင် သောက်သုံးရေ အင်မတန်ရှားပါးကြောင်း သိရသည်။ ညောင်ဦးမြို့နယ်သည် အပူပိုင်းမိုးနည်း ရပ်ဝန်းဒေသတွင် ပါဝင်ကာ တစ်နှစ်ပတ်လုံး မိုးရေချိန် လက်မ ၂၀ အောက်သာ မိုးရွာသွန်းလေ့ ရှိခြင်းကြောင့် မြေသားသောက်သုံးရေကန်များ ရေဝင်ရေပြည့်လျှင် ကျေးရွာသူကျေးရွာသားများ အင်မတန်ပျော်ကြကြောင်း သပြေကန်တဲတိုက်မှ ထန်းတောင်သူ ဦးစိုးမင်း၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းအဖွဲ့မှလည်း ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များသို့ ဒေသခံပရဟိတအသင်းများနှင့် ချိတ်ဆက်၍ သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိသည်။
ကိုထိန်၊ KPD


