ညောင်ဦး  ၂၈  မတ် 

           

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထက်ညည့်ကျေးရွာအုပ်စု နွေစပါးစိုက် တောင်သူများ သူကောင်းတည်မြစ်ရေတင်ရေဖြင့် နွေစပါး စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း နွေစပါးနှစ်ဧကခွဲစိုက် တောင်သူ ဦးနိုင်ဝင်းထံမှ သိရသည်။

           

အထက်ညည့်ကျေးရွာအုပ်စုရှိ နွေစပါးစိုက်တောင်သူများသည် သူကောင်းတည် လျှပ်စစ်မြစ်ရေတင်ဖြင့် နွေစပါး၊မိုးစပါးများသာ တစ်နှစ် နှစ်ကြိမ်စိုက်ပျိုးကြပြီး ၊မိုးစပါး စိုက်ပျိုးချိန် ဧက ၃၀၀ ကျော် စိုက်ပျိုးကြပြီး နွေစပါးစိုက်ပျိုးချိန်တိုင်း ဧက ၁၅၀ ကျော် စိုက်ပျိုးကြကြောင်း သိရသည်။

 

နွေစပါးစိုက်ပျိုးကြသည့် တောင်သူများသည် နွေစပါးစိုက်ပျိုးရာတွင် မနောသုခမျိုးနှင့် ဆင်သုခမျိုးသာ စိုက်ပျိုးကြပြီး အချို့တောင်သူများ စိုက်ပျိုးရေးမှ ဖြန့်ချိရောင်းချပေးသည့် စပါး စိုက်ပျိုးကြပြီး ၊အချို့တောင်သူများ အပြင်မှဝယ်ယူရောင်းချခြင်သည့် စပါးမျိုးများ ဝယ်ယူပျိုးထောင်စိုက်ပျိုးကြကြောင်း သူကောင်းတည်ကျေးရွာမှ နွေစပါး စိုက်တောင်သူ ဦးမင်းကိုက ရှင်းပြသည်။

 

နွေစပါးစိုက်ပျိုးရာတွင် ဆင်းသုခနှင့် မနောသုခစပါးမျိုးများအား ဖေဖော်ဝါရီလအတွင်း စတင်ပျိုးထောင်ကြကာ မတ်လအတွင်း ပျိုးနုတ်စိုက်ပျိုးကြကြောင်း၊ ပျိုးထောင်ချိန် ၄၅ ရက်ကြာမှာ ပျိုး(မျိုး)နုတ်စိုက်ပျိုးကြကာ လယ်ယာထွန်ယက်ထားရကြောင်း ထွန်စက်တစ်နာရီ ထွန်ယက်ခ နှစ်သောင်းသုံးထောင်ကျပ်ပေးရကာ ထွန်စက်ဖြင့် ထွန်ယက်ပြီးလျှင် ၊ နွားရှဉ်းဖြင့် လယ်မြေညှိ(ကြမ်းတုံးရိုက်)ရကြောင်း၊ ထွန်ရှင်းခ နေ့တဝက် ရှစ်ထောင်ကျပ်ပေးရကြောင်း သိရသည်။

 

လျှပ်စစ်မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးစိုက်တောင်သူများသည် နွေစပါးတစ်ဧကလျှင် ဆင်းသုခမျိုးနှင့် မနောသုခမျိုးနှစ်မျိုးလုံး တင်း ၉၀ မှ တင်း ၁၀၀ ထိ ထွက်ကာ၊ မိုးစပါးတွင် တစ်ဧက တင်း ၁၀၀ မှ တင်း ၁၂၀ ထွက်ရှိကြောင်း၊ လျှပ်စစ်မြစ်ရေတင် ပေးသွင်းရာတွင်လည်း မိုးစပါးစိုက်ပျိုးလျှင် တစ်ဧက ခြောက်ထောင်ကျပ်ပေးသွင်းရပြီး နွေစပါးစိုက်ပျိုးချိန် တစ်ဧက ၉၀၀၀ ကျပ်သာ ပေးသွင်းရကြောင်း စပါးပျိုး(မျိုး)ထောင်ချိန်မှ စပါးအောင်ရေပေးချိန်ထိ တစ်ဧက ၉၀၀၀ သာပေးရခြင်းကြောင့် စပါးစိုက်တောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ကြကြောင်း သိရသည်။ စပါးစိုက်ပျိုးရာတွင် ကောက်စိုက်သမစိုက်ခများ တစ်ဦးချင်းအငှားလိုက် စိုက်ပျိုးမှုရှားပါးလာကာ ဧကပြတ်ပေးချေရကြောင်း တစ်ဧက စပါးစိုက်ခ ကျပ်ငါးသောင်းပေးရကြောင်း သိရကာ သူကောင်းတည်မြစ်ရေတင်မှ နွေစပါး စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။

                                                                                               

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)