ညောင်ဦး ၆ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီး တောင်ဇင်းကျေးရွာအနီး အောက်တိုဘာ ၆ရက် နေ့လည် ၁ နာရီခွဲခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့် တောင်ဇင်းကျေးရွာ ကမ္မသောက်ရေကန်ကြီး ကန်ဘောင်ကျိုးပေါက်ကာ တောင်ရှေ့ချောင်း ရေကြီးပြီး ကားများ သုံးနာရီခန့် ချောင်းတစ်ဘက်တစ်ချက် ပိတ်မိနေကြောင်း သိရသည်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် တောင်ဇင်းအုပ်စု ကျေးရွာများ မှီခိုအားထားရာ ကမ္မသောက်ရေကန်ကြီး ကန်ဘောင်ကျိုးပေါက်သွားကာ တောင်ရှေ့ချောင်း ရေကြီးရေလျှံကာ ကျောက်ပန်တောင်း- ညောင်ဦး ဘုရားဖူးကားများ၊ ပခုက္ကူ-ရန်ကုန်ခရီးသည်တင်ကားများ၊ ညောင်ဦး-ရန်ကုန်ကားများ၊ ပခုက္ကူ-မန္တလေးလိုင်းကားများ၊ ညောင်ဦး-ကျောက်ပန်းတောင်း လိုင်းကားများ၊ ညောင်ဦး-တောင်ကြီး လိုင်းကားများ ညောင်ဦးဘက်ခြမ်းတွင် သုံးနာရီခန့် ခရီးစဉ် ကြန့်ကြာကြောင်း သိရသည်။
အဆိုပါ တောင်ရှေ့ချောင်း ရေကြီးရေလျှံဖြစ်နေရာသို့ ညောင်ဦးခရိုင် /မြို့နယ်တာဝန်ရှိသူများမှ ရေကျချိန် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရန် လာရောက်အကူအညီပေးလျက်ရှိကြောင်း တိုးဂိုက် ယာဉ်မောင်း ကိုဆော်(ပုဂံ)ကပြောပြ၍ သိရပြီး နေ့လည် ၁ နာရီခွဲခန့်က ချောင်းရေလျှံကာ ညနေ ၄ နာရီ ခွဲတွင် ချောင်းရေ အရှိန်လျော့နည်းသွားကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)


